စွေမိုးသည် စိမ့်လျက် …
အပြစ်ဆိုးကြီးကို ကြုံအံ့ဆဲဆဲတွင် လောကသည် မပြုံးမရွှင်နိုင်သည်သို့ အုံ့မှိုင်းသောကောင်းကင်သည် မိုးရိပ်ဖြင့် ဝေရီနေသည်။
စွေမိုးကြောင့်ပင် လမ်းများ၌ လူအသွားအလာနည်းပါးလျက်ရှိသည်။
ဆယ်နာရီသာသာတွင် ကျွန်ုပ်သည် ဆိုင်ရာရုံးသို့ ရောက်လာခဲ့သော်လည်း
တရုံးလုံးထိုင်းမှိုင်းနေသည်သို့
၊ ဆိတ်ငြိမ်နေလေသည်။ တဖြေ...ာက်ဖြောက် မြည်နေသော လက်နှိပ်စက်သံကလေးသာလျှင် ထိုအချိန်၌ အသက်ဝင်လျက်ရှိတော့သည်။
ဆယ်နာရီခွဲခန့်တွင် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးဝန် ဦးဉာဏသည် ကျွန်ုပ်တို့ရုပ်ရှင်ဌာနခွဲသို့
ခပ်သုတ်သုတ်ဆင်းလာပြီး ကျွန်ုပ်အား ပုခုံးမှဆွဲကာ လူရှင်းရာသို့ခေါ်၍
““ဗိုလ်ချုပ်တို့ အခန်းထဲမှာ စက်သေနတ်နဲ့ဝင်ပစ်သွားတယ်။ မင်း
ဗိုလ်ထွန်းလှလည်း ထိသွားတယ်လို့ ဖုန်း(Phone) လာတယ်။ မြန်မြန်
လိုက်သွားစမ်းပါဦး””
စကားဆုံးသည်နှင့် ကျွန်ုပ်သည် ရုံးလှေကားမှ အပြေး --- ဖြစ်နေ သည်။
လမ်းတွင် ၁၅ ဟန်ဒရက်ဝိတ်ဖို့ဗွီအိပ်ကို နှေးသည်ဟုထင်မိသည်။
အတွင်းဝန်ရုံးဖြစ်ပွားရာသို့ သွားနေခိုက်။ ဤမျှအဖြစ်ဆိုးကိုတွေ့ရမည်ဟု
ကျွန်ုပ်မထင်။ မတွေးမိ။ အပြေးအလွှား ၀င်ရင်းပစ်ရ၍ ဗိုလ်ချုပ်တို့အား မထိဘဲ
အနီးအနားရှိသူ ဗိုလ်ထွန်းလှကိုသာ အနည်းငယ်ထိသည်ဟု ထင်မိသည်။
စပါတ်လမ်း (Spark Street)ဘက်။ ဗဟိုလှေကားအရောက်တွင် သူနာပြုကားတစင်း
မိုးကာအုပ်ထားသည့် ထမ်းစင်တခုကိုတင်၍ ထွက်သွားသည်ကို တွေ့လိုက်ရသော်လည်း
၎င်းထမ်းစင်အထက်၌ လူထုမျက်ရွဲ “ဗိုလ်ချုပ်အောင်ဆန်း”ပါသွားသည်
ဟု ကျွန်ုပ်မသိလိုက်ရပေ။
အပေါ်သို့ ကျွန်ုပ်ရောက်ချိန်တွင် အခန်းတံခါးပိတ်လျက် ရှိချေပြီ။
ဗိုလ်ထွန်းလင်း အခန်းတွင်းရှိ ဗိုလ်ထွန်းလှ၏ မင်းစေကလေးကိုလှမ်း၍
မှန်အပြင်မှ လက်ပြလိုက်ရာ ဗိုလ်ထွန်းလှအား ကျွန်တော်လာကြောင်း ပြောပြီး
ခွင့်ရမှ ဖွင့်ပေးပါသည်။
ဗိုလ်ထွန်းလှအား တွေ့လျှင်တွေ့ချင်း။ ““ဗိုလ်ထွန်းလှ၊ ဗိုလ်ချုပ်ကော၊
ခင်ဗျားလည်း ထိသေးတယ်ဆို””ဟူသော မေးခွန်းဖြင့် စတင်နှုတ်ဆက်လိုက်မိသည်။
ထိုအချိန်တွင် ဗိုလ်ချုပ်ကား ကျဆုံးလေပြီ၊ သို့သော်
ခေါင်းဆောင်ကြီးကျဆုံးကြောင်းကို ရုတ်တရက် ကြားသိလျှင် လူထုသည်
အကြီးအကျယ်ထိခိုက်သွားမည်ကို စိုး၍၎င်းင်း၊ ရန်သူများ အမှန်သိရှိကလည်း
ဗိုလ်ချုပ်ကျဆုံးပြီဖြစ်၍ ခြေလှမ်းတိုးကြံစည်မည်များကိုစိ
ုးရိမ်၍၎င်းင်း၊ ဗိုလ်ထွန်းလှသည် လူတိုင်းအား ““ဗိုလ်ချုပ် ကိစ္စမရှိဘူးဗျာ။ နဲနဲရှပ်သွားတာပါ””ဟု ပြောနေခိုက်ဖြစ်သည်။
ကျွန်ုပ်အား ဗိုလ်ထွန်းလှသည် ထိုအတိုင်းပင် ပြောခဲ့သေးသည်။ ပြီးမှ
““ခင်ဗျား ဦးလေး (၀န်ကြီး-ဒီးဒုတ်-ဦးဘချိုကို ဆိုလိုသည်) လဲ ထိသွားတယ်။
ခင်ဗျားအစ်ကိုလည်းရောက်နေပြီ ဓာတ်ပုံတော့ မရိုက်ပါနဲ့တော့ဗျာ။ တိုင်းပြည်က
မြင်လို့မကောင်းပါဘူး””ဆို၍ ကျွန်ုပ်သည် ဗိုလ်ထွန်းလှအား ကင်မရာပေးခဲ့ပြီး
ဗိုလ်ထွန်းလင်းအခန်းမှ ဗိုလ်ချုပ်အခန်းတွင်းသို့ ၀င်သွားပါသည်။
ကျွန်ုပ်မျက်စေ့ကို ကျွန်ုပ်မယုံမိပါ။ စက္ကန့် ၃၀ ခန့်ငြိမ်ပြီး ကြည့်နေ
မိပါသည်။ ဤမျှ အဖြစ်ဆိုးမည်ဟု မထင်ခဲ့မိပါ။ ထိုကြောင့်လည်း ကျွန်ုပ်
မျက်စေ့ကို ကျွန်ုပ် မယုံမိခြင်းဖြစ်ပါသည်။
တခါကမျှ တိုင်းပြည်နှင့်လူထုအား သစ္စာမဖောက်ခဲ့ဖူးသော
ခေါင်းဆောင်ကြီးများကား ကိုယ်ကျိုးရှာ လူမသမာတစုတို့၏လက်ချက်ဖြင့်
ကျဆုံးခဲ့လေပြီ။
သွေးသံရဲရဲ သွေးအိုင်ထဲတွင် မရှုမလှ ဘ၀ဆုံးနေရသော ခေါင်းဆောင်ကြီးများ၏
ကျဆုံးနေပုံကို ကျွန်ုပ်မှတ်မိသမျှ ပြန်လည်၍ရေးရလျှင် ဘဏ္ဍာရေးဝန်ကြီး
သခင်မြသည် ကြမ်းပြင်ပေါ်၌ ခပ်ကွေးကွေး ပုံလျက် ကျနေလေသည်။
လက်ျာဘက်လက်ပေါ်တွင် လက်ျာပါးတင်လျက် ကွယ်လွန်နေရှာသည်။
မျက်နှာအနေအထားမပျက်။ သွေးထွက်လွန်၍ နှုတ်ခမ်းများပြာနေသည်ကိုလည်း
သတိထားမိပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကို ၀န်ကြီးဦးဘ၀င်းကား ခြေထောက် တဖက်
ကုလားထိုင်ပေါ်တင်လျက် နောက်ကိုမှီရင်း လက်ဝဲဘက်သို့ ခေါင်းအနည်းငယ်
စောင်းကာ ဘ၀ဆုံးနေလေသည်။
ဆရာကြီး ဦးရာဇတ်မှာမူ ခြေနှစ်ဘက်ရှေ့စန့်လျက် ကုလားထိုင် နောက်မှီကို
တည့်တည့်မှီရင်း လက်နှစ်ဘက် ကုလားထိုင်လက်ရမ်းအပြင် သို့ တွဲရွှဲကျနေသည်ကို
တွေ့ရပါသည်။
မိုင်းပွန်စော်ဘွားကြီးနှင့် ၀န်ကြီးမန်းဘခိုင်ကိုမူ ကျွန်ုပ်သတိမထား မိပါ။
ဝန်ကြီးဦးဘချိုမှာ အသက်ရှင်လျက် အနည်းငယ် ညည်းညူနေသည် ကို တွေ့ရပါသည်။
သို့သော် သတိကား လစ်နေလေပြီ။ ကျွန်ုပ်၏အစ်ကို သည် (ထိုစဉ်က
ဦးဘချို၏သက်တော်စောင့်) ၀န်ကြီးဦးဘချို၏ လက်ဝဲ ဘက်မှဖေး၍ ထားပါသည်။
ကုလားထိုင်မှာ အစည်းအဝေးစာပွဲနှင့်ကပ်နေ၍မပြုစ
ုသာသဖြင့် ကျွန်ုပ်က ဦးဘချို၏ လက်ျာဘက်မှဝင်၍ ကျွန်ုပ် ၏အစ်ကိုနှင့်အတူ ဦးဘချိုအား ကုလားထိုင်ပါမ၍ နောက်သို့ --- ရွှေ့ လိုက်ပါသည်။
ထိုအခိုက်တွင် ဗိုလ်ထွန်းလှ ၀င်လာသဖြင့် ဆေးရုံသို့ အမြန်ပို့ရန်
စီစဉ်ဖို့ပြောပါသည်။ ဦးအုံးမောင်အလောင်းကို ထိုအချိန်တွင်မှ သတိပြုမိ
ပါသည်။ အရှေ့မြောက်အရပ်ကို ခေါင်းပြုလျက် စန့်စန့်ကြီး ကွယ်လွန်ရှာ ပါသည်။
သွေးလွန်၍ အသားများပင် ၀ါနေတော့သည်။ ကျွန်ုပ်သည် ဦးအုံးမောင်နှင့်
အတော်ရင်းရင်းနှီးနှီး သိခဲ့သော်လည်း ထိုနေ့က မည်သူ
မှန်းမခွဲခြားနိုင်လောက်အောင် ဖြစ်နေတော့သည်။
ဝန်ကြီးဦးဘချို၏ လက်ျာနားတွင် သွေးအနည်းငယ်စိုနေပါသည်။ ကြေးနီရောင်ဗန်ကောက်လုံချီနှင့်
အင်္ကျီမှာ ခါးတွင်သွေးများစွန်းနေ၍ ကြည့်ရာ ဒဏ်ရာကိုတွေ့ပါသည်။
ထိုအခိုက်တွင် သူနာပြုကားများရောက်လာ၍ အမြန်ဆေးရုံသို့ ပို့ရ လေသည်။
ဆေးရုံရောက်သည့်အခါမှ ၀န်ကြီးမန်းဘခိုင်အား သတိထားမိရာ
ဝန်ကြီးမန်းဘခိုင်နှင့် ၀န်ကြီးဦးရာဇတ်တို့မှာ သွေးထွက်တုံးပင် တွေ့ရပါ
သည်။ ဆရာကြီးဦးရာဇတ်၏ နံ့သာရောင်ဘောင်းဘီ၊ အင်္ကျီတို့မှာ သွေး
အလူးလူးဖြစ်နေသည့်ပြင် ဆေးရုံကားပေါ်မှအချတွင် မိုးရွာနေသဖြင့် မိုးပါ
စိုနေလေသည်။
ဝန်ကြီးဦးဘချိုအား လာရောက်စမ်းသပ်သူမှာ ဆရာဝန်ကြီး ဒေါက်တာဘသန်းပင်
ဖြစ်ပါသည်။ ဒဏ်ရာသုံးချက်မှာ လက်ျာနံစောင်းမှ ၀င်ပြီး ဗိုက်မှတချက်ထွက်ကာ
လက်ျာလက်မောင်းတွင် တချက်ဖြစ်ပါ သည်။ လက်ျာနား တည့်တည့်မှဝင်သွားသည့်
ကျည်ဆံမှာ နဖူးအတွင်း တွင်ရှိသဖြင့် ၎င်းင်းဒဏ်ရာကို အစ၌မတွေ့ပါ။
ထို့ကြောင့်လည်း ဆရာဝန် ကြီးဦးဘသန်းက (Very Hopeful Case)မျှော်လင့်ချက်
အများကြီးရှိသည်ဟုပြောခြင်းဖြစ်
ပါသည်။ ဆရာမနှစ်ယောက်နှင့်လက်ထောက် ဆရာဝန် တယောက်ကိုခေါ်၍ အင်္ကျီကို
ကပ်ကျေးနှင့်ခွဲခိုင်းပြီး ဦးဘသန်း ကိုယ်တိုင် ချက်ချင်း
ဆေးတလုံးထိုးပါသည်။
ဝန်ကြီးအချို့၏ သက္ကလပ်အင်္ကျီနက်ပြာမှာ ၀တ်၍မရနိုင်တော့ သဖြင့်
ပစ်လိုက်ရန် ပေးလိုက်ကာ လက်ပတ်နာရီနှင့် အိတ်တွင်းမှ ဖောင်တိန်၊
အလုပ်နှင့် သက်ဆိုင်သည့်စာများ၊ (Diary)အစရှိသည်တို့ကို ကျွန်ုပ်တို့
ညီအစ်ကိုနှစ်ယောက် သိမ်းခဲ့ရပါသည်။ ထိုမှတဖန် အသေးစိတ်ဒဏ်ရာ များကို
စစ်ဆေးရန်နှင့် ဆေးထည့်ရန် အပေါ်ထပ်သို့ ရွှေ့ရပါသည်။
အပေါ်ထပ်ဆေးခန်းတွင်မှ မိုင်းပွန်စော်ဘွားကြီးအား ပါးတွင်ဒဏ်ရာ ရသဖြင့်၊
ဆေးထည့်နေသည်ကို တွေ့ရပါသည်။ ဆရာဝန်များ အသေ အချာ စစ်ဆေးသည့်အခါမှ
ဝန်ကြီးဦးဘချို၏ လက်ျာနားမှ ဒဏ်ရာသည် ကျည်ဆံအတွင်းဝင်သွားကြောင်း သိရပြီ။
ဒဏ်ရာပြင်းထန်ကြောင်း သိရလေတော့သည်။ ထိုအခိုက်တွင် ဗိုလ်ချုပ်ဇနီး
ဒေါ်ခင်ကြည်လိုက်လာသည် ကို တွေ့ရပါသည်။
ဒီးဒုတ်စာပုံနှိပ်တိုက် (၀န်ကြီးဦးဘချိုအိမ်)ကို တယ်လီဖုံးဆက်ရန်
ဆင်းလာရာ သတင်းအမှားများ ပေါက်ကြားမည်စိုး၍ ဆေးရုံကြီး တယ်လီဖုံး
ဖြတ်ထားသဖြင့် ဆက်၍မရတော့ပေ။ အခြား အရေးပါအရာရောက်သူများ နှင့်
သက်ဆိုင်ရာဆွေမျိုးများအောက်တွင
် ရောက်နေသည်ကိုတွေ့ရသော်လည်း အောက်ထပ်ဝင်ပေါက်တံခါးကြီးကို
ပိတ်ထား၍ အပြင်တွင်သာ စောင့်နေကြရလေသည်။ အပြင်မှ သတင်းထောက်အချို့
ကျွန်ုပ်အားတွေ့လျှင် အတွင်းသတင်းယူခဲ့ရန်လာမှာပါသည်။
ကျွန်ုပ်အပေါ်သို့ ပြန်တက်သွားပြီး မကြာမီ ၀န်ကြီးဦးဘချို၏ဇနီး
ဒေါ်လှမေနှင့် သမီးငယ် ခင်ခင်ဦးတို့ လာရောက်ကြောင်း ရဲဘော်တဦး
လာပြောပါသည်။
ကျွန်ုပ်ဆင်းသွားရာ ““ကိုကိုမြင့် ဖေဖေ ဘယ့်နှယ် နေသေးသလဲ””ဟူသော ခင်ခင်ဦး၏ မေးခွန်းနှင့်။
““မောင်မြင့် မင်းဦးလေး သက်သာရဲ့လားကွယ်””ဟူသည့် မေးခွန်းနှစ်ခုတို့မှာ လက်ဝဲ၊ လက်ျာ နားနှစ်ခုမှ ဒက်ထိ( Dead Heat)တိုးလာပါ သည်။
ရုတ်တရက် ကျွန်ုပ် ဘယ်လိုဖြေရမှန်းမသိအောင် ခက်သွားပါ သည်။ ညီမလေး အမာ
(ခင်ခင်ဦး)က ““ဟင် ပြောစမ်းပါအုံး၊ အမာတို့က ဆရာကြီး(ဦးရာဇတ်ကို
ဆိုလိုသည်)တယောက်ထဲ ထိတယ်ကြားလာလို့”” ဟူသည့် ဒုတိယမေးခွန်းနှင့်
““မင်းကလည်းကွယ်၊ စိတ်ပူလို့မေးတာ မြန်မြန် ထက်ထက်လေး ဖြေမှပေါ့””ဆိုသည့်
(ဒေါ်လှမေ)တို့၏ ဆင့်မေးသံများ ကြောင့် ဆရာဝန်ကြီးတွေကတော့ ကိစ်္စမရှိဘူးလို့
ပြောတာပဲ။ ခုလည်း သူတို့ သွေးအားနည်းလို့ဆိုပြီး သွေးဖြည့်နေကြတယ်။
မင်းဦး . . . ဘာပြောသေးသလဲ။
သတိမရလို့ ဘာမှမပြောနိုင်ဘူး။ ဒါပေမဲ့ သွေးအားပြည့်လာရင် တော့ ပြောနိုင်လိမ့်မယ်ထင်တာပဲ။
ဘယ်သူတွေများ ထိသေးသလဲ။ သေတဲ့လူတွေကော ရှိသေး သလား။
ကျွန်ုပ် ဖြေရခက်ပြန်ပြီ။ မည်သူမည်ဝါ ကျဆုံးကြောင်းကိုလည်း
သက်ဆိုင်ရာလူကြီးများက ကျွန်ုပ်တို့အား နှုတ်ပိတ်ထား၍။ ဟာ ကျွန်တော်လည်း
ဦးလေးသာကြည့်နေရတာ ကျန်တဲ့လူတွေ သတိမထားမိဘူး။ သြော်
မိုင်းပွန်စော်ဘွားကြီးတော့ ဦးလေးနဲ့ ခုတင်တခုခြားမှာရတယ်။ သူလည်း
ကိစ်္စမရှိဘူး ဒေါ်ဒေါ်ဟုသာ ပြောနိုင်ပါတော့သည်။ ဒေါ်လှမေတို့ကိုလည်း
စိတ်မပူပင်ရန်ပြောပြီး အပေါ်သို့ ပြန်တက်သွားပါသည်။
အပေါ်ထပ်သို့ရောက်လျှင် ၀န်ကြီးဦးဘချိုအား အခြားနေရာသို့ ပြောင်းရွှေ့ရန်
စီစဉ်နေသည်ကိုတွေ့ရပါသည်။ တနေရာသို့ ပြောင်းရွှေ့ သွားပြီး
သက်ဆိုင်ရာမျက်နှာဖြူဆရာဝန်ကြီး
တဦးက လက်ခံကုသပါ သည်။ ဦးဘချိုအား ဆေးရုံအ၀တ်အစားလဲပေးသဖြင့်
ဦးဘချို၏ လုံချည်၊ အင်္ကျီများ လာအပ်ပါသည်။ အ၀တ်အစားများနှင့်အတူ
ဦးဘချို၏ခေါင်းမှ ဆံပင်များလည်း ပါလာပါသည်။ ဦးဘချိုကား မြန်မာပီပီ
ဆံပင်ရှည်ထား သူဖြစ်၍ ဦးဆံကို အထူးဂရုစိုက်ပါသည်။ သူ၏ဆံပင်ကို
နံနက်တိုင်း သမီးမခင်ပု (ယခု တိုင်းပြည်ပြုလွှတ်တော်အမတ်)က ရှင်းပေးပါသည်။
ယခုမူ ရန်သူ့လက်ဆောင်ကောင်းကြောင့် ဆံပင်လည်း ရိတ်ခဲ့လေပြီ။ သမီး
မခင်ပုမှာလည်း ဖခင်၏ဆံပင်ကို ရှင်းချိန်ရောက်တိုင်း ဆွေးမျက် မျက်ရည်
တစိမ့်စိမ့်နှင့် ဖခင်အား တမ်းတလျက်ရှိရှာသည်ကို ကျွန်ုပ်သည်
ဤစာကိုရေးရင်းမှပင်လျှင် မြင်မိသေးတော့သည်။
ဒဏ်ရာကို အသေအချာစစ်ဆေးကြည့်ရှုမှပင် ပြင်းထန်ကြောင်း သိရသဖြင့်
မျက်နှာဖြူဆရာဝန်ကြီးသည် ခွဲစိတ်ကုသရမည့်အကြောင်း ပြောဆိုပြီး
ဝန်ကြီးဦးဘချိုအား (Operation)ခွဲစိတ်ကုသရာအခန်းသို့ ယူသွားလေသည်။
ခွဲစိတ်ရာအခန်းတွင်းသို့ရောက်ပြီး အစစ စီစဉ်ပြီးလျှင် ဆရာဝန်ကြီးသည်
အပြင်သို့ တဖန်ထွက်လာပြီး ယခုပင် ခွဲစိတ်တော့မည် အကြောင်း ပြောပြလေသည်။
ဒဏ်ရာမှာ ပြင်းထန်လှသဖြင့် အကယ်၍ တိမ်းပါးသွားကာ သူ၏တာဝန်မဟုတ်ကြောင်းလည်း
ပြောသွားလေသည်။ ထိုအချိန်၌ ကျွန်ုပ်နှင့်အတူ ကျွန်ုပ်၏အစ်ကိုအပြင်
အလုပ်သမားဌာန ညွှန်ကြားရေးဝန်ကြီးဦးထွန်းဇော်
ပါရှိလေသည်။
နေ့မွန်းလွဲ ၁ နာရီ ၃၇ မိနစ်တိတိတွင် စတင်ခွဲစိတ်ပါသည်။ ဇောနှင့်
စောင့်စားနေသူ ကျွန်ုပ်တို့သုံးဦးသည် မိုးတစိမ့်စိမ့် စွေနေသည့် အထဲကပင်
မကြာခဏချွေးသုတ်ရပါလေသည်။
ဆရာမတဦးထွက်လာပြီး ကျွန်ုပ်တို့အား ပြန်ပေးထားသော ဦးဘချို
၏လုံချည်ကို ပြန်တောင်းပါသည်။ နောက်ထပ် ဆရာမလေးတဦးထွက် လာပြီး
ကျွန်ုပ်တို့အား ( Hard Luck So Sorry )ဟုပြောမှ ကျွန်ုပ်တို့သည် ဦးဘချို
ကွယ်လွန်ကြောင်း သိပေတော့သည်။ ကျွန်ုပ်တို့ခေါင်းပေါ်ရှိ လျှပ်စစ်နာရီသည်
မွန်းလွဲ ၁ နာရီ မိနစ် ၄၀ မှ စက္ကန့်အနည်းငယ်ယွန်းနေလေပြီ။ ကျွန်ုပ်သည်
ကျွန်ုပ်အစ်ကိုအား လှမ်းကြည့်မိသည်။ ဦးထွန်းဇော် အား လှမ်းကြည့်မိသည်။
ထို့အတူ သူတို့လည်း တဦးကိုတဦး ကြည့်မိ သည်။ သို့သော် မည်သူမျှ
စကားမပြောနိုင်ကြပါ။
မကြာမီ ဦးဘချို၏အလောင်းကို လက်တွန်းလှည်းကလေးနှင့်ထုတ် လာပြီး
ရင်ခွဲရုံသို့ယူသွားတော့သည်။ နံနက် ၉ နာရီခွဲပြီးစကလေးတွင် ၀ိုစတေ
(R.A.830) ကိုစီးကာ အတွင်းဝန်ရုံးသို့ ရုံးတက်ခဲ့သော ဦးဘချို သည် နေ့ ၂
နာရီအချိန်ခန့်တွင် ဆေးရုံလက်တွန်းလှည်းထက်တွင် ယူ ဆောင်ရာသို့ ပါနေချေပြီ။
မမြဲသောလောကပင်တကား။
သက်ဆိုင်ရာ ဆွေမျိုးများကား အလောင်းများကို ပြန်လည်ယူငင်ရန် ရင်ခွဲရုံ၌
စောင့်ဆိုင်းနေကြ၏။ သို့သော် ဖ-ဆ-ပ-လ ဦးစီးအဖွဲ့၊ အရေးပေါ်အစည်းအဝေး၊
ဘုရင်ခံအိမ်၌ ဘုရင်ခံ၊ သခင်နု၊ ၀န်ကြီးဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊
ပျော်ဘွယ်ဦးမြတို့၏ အစိုးရသစ်ဖွဲ့စည်းရေး ဆွေးနွေးပွဲတို့ကြောင့် ကျဆုံး
လေပြီးသော ခေါင်းဆောင်ကြီးများကို ပြည်သူ့ဈာပနအဖြစ် ဂျူဗလီဟော ၌
ထားဦးမည့်အကြောင်းကို ညနေ ၄ နာရီခန့်တွင်မှ အသေအချာသိရ တော့သည်။
ထိုညနေအပြန်၌ ဘတ်(စ)ကားထက်တွင် အမျိုးမျိုးသော သတင်း တို့ကို
ကြားရတော့သည်။ တဦးနှင့်တဦး သတင်းများမတူဘဲ မည်သို့ပင် ကွဲလွဲစေကာမူ
ယူကျုံးမရ၊ ကြိတ်မနိုင်ခဲမရ အပူလုံးကြွနေသည်ကား လူတိုင်းလူတိုင်းပင်။
ကျွန်ုပ်သည် တခါတွင် ဤအဖြစ်ဆိုးကြီးကို မျက်မြင် ကိုယ်တွေ့ပင်
ဖြစ်လင့်ကစား ယုံကြည်ရမှာပင် ခက်နေပြီးလျှင် အိပ်မက် မက်နေသည်ဟုပင်
ထင်မှားမိသေးသည်။
၁၉၄၇ ဇူလိုင်လ ၂၀ တနင်္ဂနွေနေ့
မိုးသည် အုံ့မြဲအုံ့လျက် ...
နံနက် ၇ နာရီခန့်ကပင် ဗိုလ်ချုပ်အိမ်တ၀ိုက်တွင် ဗိုလ်ချုပ်အား အလေးပြုရန်
လူထုသည် ငိုလျက်ရှိတော့သည်။ နံနက် ၁၁ နာရီခန့်
ကျွန်ုပ်လိုက်သွားသည့်အချိန်တွင
်မူ ဗိုလ်ချုပ်အိမ်သို့ဝင်ရာ တာဝလိန်း အတွင်းသို့ မော်တော်ကားဝင်ရန်ပင် အတော်လမ်းရှင်းယူရသည်။
ဗိုလ်ချုပ်အိမ်ပေါ်ရောက်ရန်ကား အတော်ခက်နေလေပြီ။ လှေကား တွင် မတက်သာ၊
မဆင်းသာလောက်အောင် ကျပ်နေတော့၏။ ရဲဘော် များကား ““ခဏ သည်းညည်းခံကြပါ။ အခု
ကြာရှည်ထားနိုင်အောင် ဆေးစိမ်ဘို့ ပြင်ဆင်နေလို့ပါ””တစာစာတောင်းပန
်နေရတော့သည်။ ခဲယဉ်း စွာဖြင့် ကျွန်ုပ်အပေါ်သို့
ရောက်သည့်အချိန်တွင် ဆရာဝန်ကြီးကာနယ် ဘသော်နှင့် ဒေါက်တာဘသန်းတို့သည်
ရင်ခွဲရန် အသင့်ဖြစ်နေလေပြီဖြစ် ၍ ရင်ခွဲပြီးသည့်အထိ
ကျွန်ုပ်စောင့်နေရတော့သည်။
ကျွန်ုပ်တို့သည် ရင်ခွဲရာအခန်းတွင်းသို့ စ၀င်ရသော် အပေါက် က ဖြစ်နေ၍
အစအဆုံးမြင်ရလေသည်။ ဒေါ်ခင်ကြည်နှင့် သားသမီး တစုကား
ဆွေမျိုးများနှင့်အတူကပ်လျက် အခန်းတွင်းရှိနေသဖြင့် ကျွန်ုပ် သည်
ရုပ်ရှင်နှင့် ဓာတ်ပုံကို ဗိုလ်ချုပ်ရင်ခွဲ၍ မပြီးမီ ရိုက်ထားနှင့်ပါသည်။
ဒေါ်ခင်ကြည်မှာ သောကမီးကြောင့် မချိတရိ ခံစားရသော်လည်း ရဲရင့် သော
ဗိုလ်ချုပ်ကတော်ပီပီအဆွေးကို ပြင်ပသို့မထွက်စေဘဲ ကြိတ်မှိတ် ၍သာ
ခံစားနေရှာလေသည်။ ဒေါ်ခင်ကြည်၏ အမြဲရီနေသောမျက်လုံးတို့ သည် ထိုနေ့က
နီနေပါသည်။
ဗိုလ်ချုပ်အား ရင်ခွဲပြီးလေလျှင် စစ်ဝတ်စစ်စားပြန်ဝတ်ပါသည်။
ဒေါ်ခင်ကြည်ကိုယ်တိုင် ဗိုလ်ချုပ်စီးနေကြ နီညိုရောင်ရှူးဖိနပ်နှင့် အနက်
တွင် အဖြူပြောက်ပါ ခြေအိတ်ကိုယူသွားပြီး ဗိုလ်ချုပ်အလောင်းကို ပြင်ဆင်
ပေးသည့်အချိန်တွင် ကျွန်ုပ်သည် နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိပါ သည်။
အပြည့်အစုံပြီးစီးသည့်အချိန်တွင
် ကျွန်ုပ်သည် ၀င်ရောက်ကာ ရုပ်ရှင်၊ ရုပ်သေ ရိုက်ကူးတော့သည်။
ကျွန်ုပ်သည် ယခုကျွန်ုပ်ရိုက်ကူးသော ကင်မ ရာများနှင့်ပင် ရုပ်ရှင်နှင့်
ပြဇာတ်ပြပွဲဖွင့်ရာသို့ ဗိုလ်ချုပ်ကြွရောက်စဉ် ရိုက်ကူးခဲ့သေးရာ ထိုစဉ်အခါက
ဗိုလ်ချုပ်သည်လည်း ယခုအလောင်းပြင် ဆင်ရာတွင်
ဝတ်ထားသည့်အ၀တ်အစားများကိုပင် ၀တ်ဆင်လျက်။ သို့သော်
ထိုစဉ်ရုပ်ရှင်ရိုက်ကူးသည်ကို ပြုံးရွှင်စွာကြည့်ခဲ့သော ဗိုလ်ချုပ် သည် ယခု
သူ့အား ရုပ်ရှင်ရိုက်ကူးနေသည်ကို မသိချေတော့ပြီတကား။
နေ့ ၁ နာရီခန့်တွင် ဗိုလ်ချုပ်အလောင်းကို ဂျူဗလီရှိရာသို့
စတင်ယူဆောင်တော့သည်။ ကျွန်ုပ်သည် ပြည်သူ့ဆက်ဆံရေးရုပ်ရှင်ထုတ်ဝေသူ
ဦးဘသက်တင်၊ ဗြိတိသျှဘားမားဦးချန်ထွန်းတို့
နှင့်အတူ လမ်းတလျှောက် တွင် သတင်းကားရိုက်ကူးရာ မချိတင်ကဲ
လှိုက်လှဲလှသဖြင့် တရှုံ့ရှုံ့ငိုကြွေးသူများ၊ ကြိတ်၍ရှိုက်သူများကား
လမ်းတလျှောက်ရှိ ပရိသတ်တိုင်းလိုလိုပင် ဖြစ်တော့သည်။ လူမျိုးခြား တရုတ်၊
ကုလား၊ အင်္ဂလိပ်များပါမကျန် ဣနြေ္ဒမဆည်နိုင်ကြသည်ကို တွေ့ခဲ့ရလေသည်။
““ကျွန်ုပ်တို့ခေါင်းဆောင်ကြီး၏
အလောင်းကို ယူလာပါပြီ။ ယူလာပါ ပြီ၊ ယူလာပါပြီ။
နောက်ဆုံးအရိုအသေပြုခြင်းဖြင့် ဦးထုပ်များကို ချွတ်ကြ ပါ။
ထီးများကိုပိတ်ကြပါ။ အလေးပြုကြပါ””ဟု ရှေ့တော်ပြေးကားကြီးနှင့်
လိုက်လံသတိပေးနေသည့်အချိန်တွင် ဗိုလ်ချုပ်ကား မလှုပ်မရှက်။ ရဲဘော်တို့
ပခုံးထက်ဝယ်။ လဲလျောင်း၍ လိုက်ပါလာလေသည်။
ရှေ့ဆုံးမှ တော်လှန်ရေးအလံတော်ကို ရဲဘော်များလှဲ၍ ကိုင်ဆောင် ထားသည်။
နောက်မှ ဗိုလ်ချုပ်အလောင်းကို ပြည်သူ့ရဲဘော်များ၊ ဗမာ့ တပ်မတော်သားများ
တလှည့်စီထမ်းဆောင်၍ ယူလာသည်။ ပရိဒေ၀မီး တောက်လောင်နေသော ဒေါ်ခင်ကြည်ကား
အလောင်းနောက်မှ လမ်းလျှောက်လိုက်ပါခဲ့လေသည်။
မိုင်းပွန်စော်ဘွားကြီး ကျဆုံးကြောင်းကိုလည်း ဗိုလ်ချုပ်အိမ်မှမထွက်
မီကလေးတွင်ပင် ကြားသိရလေသည်။ ဗိုလ်ချုပ်အလောင်း ဆေးရုံသို့ အရောက်တွင်
ဦးဘ၀င်း၊ ဦးဘချို၊ သခင်မြ၊ မိုင်းပွန်စော်ဘွားကြီး စောစံ ထွန်း၊
မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုံးမောင်၊ ဦးထွေးတို့၏ အလောင်းများ
ဆေးရုံတွင်းမှ ထုတ်ယူကာ ဗိုလ်ချုပ်နောက်မှ အစီအစဉ်အရ ဂျူဗလီဟော သို့
ပို့ဆောင်လေသည်။ ဂျူဗလီဟောအရောက်တွင် ဦးရာဇတ်နှင့်
သက်တော်စောင့်ဦးထွေး၏အလောင်းတိ
ု့ကို ထုံးတမ်းအရ သဂြုင်္ိဟ်ရန် မူဆလင် သင်းချိုင်းသို့ ယူဆောင်သွားလေတော့သည်။
ထိုမှစ၍ နေ့စဉ်နှင့်အမျှ အမြို့မြို့မှ လာရောက်အလေးပြုသည်များ ကိုမူ
သတင်းစာများတွင် သိကြပြီးသည့်အတိုင်း အထူးရေးရန်မလိုတော့ ဟု ထင်မိပါသည်။
ဇူလိုင်လ ၂၀ နေ့ထုတ် သတင်းစာများတွင် ၁၉ ရက်နေ့ ညနေပိုင်း ၌
ဂဠုန်ဦးစောနှင့်ပေါင်း လူ (၂၀)ခန့်ကို လုပ်ကြံမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီး
လိုက်ကြောင်းများကို ဘော်ပြပြီး ဦးစောအိမ်တွင်းမှ လက်နက်ပုန်းများ
တွေ့ရှိကြောင်းကိုပါ ထုတ်ဖော်ထားရာ လူထုကား ““ရိုင်းလိုက်လေကွာ၊
ကိုယ့်တယောက်တည်းအကျိုးအတွက် ဒင်းမို့ လုပ်ရက်ပေ””စသည်ဖြင့် တဖြစ်
ထောက်တောက် ဖြစ်နေတော့သည်။
နောက်နေ့ သတင်းစာများတွင်လည်း ဆက်ကာ ဆက်ကာဘရင်းဂန်း တွေ့မှု၊
တော်မီဂန်းတွေ့မှုများပါလာပြီး ဘရင်းဂန်း ၂၀၀၊ စတင်ဂန်း ၁၀၀၀
ပျောက်ဆုံးသည့်အမှုနှင့် ဆက်စပ်ဖော်ပြကြတော့သည်။ ထိုအချိန် ထိ ပုလိပ်များက
သတင်းလည်းမပေး၊ ရသည့်သတင်းရေးပြန်ကလည်း တားမြစ်ပြန်သဖြင့် သတင်းထောက်နှင့်
အယ်ဒီတာများကား တိုင်းပြည်သို့ အမှန်အတိုင်း တင်ပြချင်သည့်ဇောကြောင့်
ချွေးစီးများပင် ပြန်နေကြရှာသည်။
၁၉၄၇ အောက်တိုဘာလ ၈ ရက်
နေသည်ပြင်းလျက် ...
တချက်, တချက်တွင်သာ စစ်ဆေးမည့်အမှုကြီး၏ အပုပ်မှိုင်းရိုက်သည်သို့ အုံ့၍, အုံ့၍ သွားလေသည်။
ထိုနေ့တွင် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောနှင့်အတူ သက်နှင်း၊ မောင်စိုး၊
စိန်ကြီး၊ ရန်ကြီးအောင်၊ ခင်မောင်ရင်၊ သုခ၊ မှုံကြီး၊ မောင်နီတို့ကို
လုပ်ကြံမှု၊ ပုန်ကန်မှုတို့ဖြင့် စတင်စစ်ဆေးမည်ဖြစ်၍ နံနက် ၈ နာရီခွဲခန့်က
ပင် သတင်းစာတိုက်အသီးသီးဆီမှ သတင်းထောက်များသည် အင်းစိန် ထောင်ကြီးဆီသို့
ရောက်နေကြသော်လည်း အစောင့်ပုလိပ်များ မရောက် သေး၍ မ၀င်ကြရသေးပေ။ ၈ နာရီ
မိနစ် ၂၀ ခန့်တွင် RA 5717 စထေးရှင်း ၀က်ဂွန်းကားဖြင့် ဒေါ်သန်းခင်
(ဦးစောဇနီး)နှင့် သ်္မီး မေရီစော၊ ဒေါ်သန်းခင်၏ ဘခင် ဦးလူကလေးတို့
ရောက်လာသည်။ ဒေါ်သန်းခင်နှင့် မေရီစောမှာ မှုံမချယ်ဘဲ အပူကြွယ်ပုံပေါက်နေသည်။
၉ နာရီခန့်တွင်မှ အစောင့်ပုလိပ်များ ရောက်ရှိလာပြီး မကြာမြင့်မီပင်
တရားခံများယူလာလေသည်။ အစိုးရရှေ့နေချုပ်ကြီး ဦးထွန်းဖြူ၊ အစိုးရရှေ့နေကြီး
အယ်(လ)ချွန် ဖောင်း၊ ဦးမြသိန်း၊ နယ်ခြားဒေသဆိုင်ရာအတွင်းဝန်
ဦးမြင့်သိန်း၊ စုံထောက် မင်းကြီး ဦးထွန်းလှအောင်၊ ရန်ကုန်ပုလိပ်မင်းကြီး
ဦးအောင်ချိန်တို့ အသီး သီးရောက်ရှိပြီး တရားဝန်ကြီး ဦးကျော်မြင့်၊
စက်ရှင်တရားဝန်ကြီးဦးအောင်သာကေ
ျာ်၊ ဦးစီဘူးတို့ရောက်လာလေသည်။
၉ နာရီ မိနစ် ၄၀ တွင် သတင်းထောက်များနှင့်အတူ ကျွန်ုပ်တို့
ပါဝင်ခွင့်ရသော်လည်း ဘူးပေါက်ဝအတွင်း၌ ဆရာဝန်ဆေးစစ်သည့် နီးပါး
အရှာအဖွေခံရပြီးမှ အတွင်းသို့ ၀င်ရလေသည်။
၁၀ နာရီခွဲခန့်တွင် တရားခံများအား စတင်ယူဆောင်လာရာ ရန်ကြီးအောင်ကို
ပထမဆုံးထုတ်လာပါသည်။ ပြီးမှ စိန်ကြီး၊ မောင်နီ၊ ခင်မောင်ရင်၊ သုခတို့ကို
တဦးစီ ထုတ်လာပါသည်။ နောက်တသုတ် မှုံကြီး၊ မောင်စိုးနှင့် သက်နှင်းတို့
တပြိုင်တည်း ထုတ်ယူလာလေပြီ။ ခေတ္တအကြာတွင် ဂဠုန်ဦးစောအား ခေါ်လာပါသည်။
ဘန်ကောက်လုံချည်အစိမ်း၊ ပိုးရှပ်အဖြူ၊ တိုက်ပုံ အင်္ကျီအဖြူ၊
မျက်မှန်စိမ်းတပ်ခါ ၀င်ရောက်လာသော ဦးစောသည် ထောင်ထဲတွင်
လွတ်လွတ်လပ်လပ်နေ၍လားမသိ။ ၀နေသည်ဟုပင် ထင်မိလေသည်။ ၎င်းအ၀တ်အစားများကို
ဝတ်လျက်။ ဗိုလ်ချုပ်တို့ကို မလုပ်ကြံခင် ၃ လခန့်က ဦးစောသည်
ဖရေဇာလမ်းနှင့် စပါတ်လမ်းထောင့် သူ၏ မျိုးချစ် ပါတီတိုက်၌ Press Conference
သတင်းစာဆရာ အစည်းအဝေးကျင်းပကာ သူ့အား ရန်သူများလုပ်ကြံရန်
အမြဲကြံစည်နေကြောင်း၊ တခါလည်း ကြံစည်ခဲ့ကြောင်းများကို ထုတ်ပြောခဲ့ရာ
သတင်းစာဆရာတဦးက လမ်းမတော်ပိုင်းတွင် လူမိုက်တဦး နာမည်ကြီးစဉ်က ထိုသူ
လူသတ်မည်ကြံတိုင်း ပုလိပ်အား သူကဦးအောင် ကျွန်တော့်အား မည်သူမည်ဝါ
သတ်ရန်ကြံနေ၍ ကွယ်ကာပေးရန် တိုင်ကြားလေ့ရှိသည်ကို သတိရကြောင်းဖြင့်
ပြောဖူးသေးသည်။ ကျွန်ုပ်သည် ဦးစောအား ထိုအ၀တ်အစားနှင့် မြင်လိုက်
လိုက်ခြင်း ချက်ချင်းသတိရမိတော့သည်။
ဦးစောအား ခေါ်ဆောင်လာပြီးပြီးခြင်း တရားဝန်ကြီးများ တက်ရောက်လာခါ
အမှုကို စတင်ဖွင့်နေရာ ဦးစောက ရှေ့နေမရောက်သေး၍ အမှုရွှေ့ဆိုင်းရန်
လျှောက်လဲလာသည်။
တရားဝန်ကြီးဦးကျော်မြင့်က ဘိလပ်ဝတ်လုံရောက်မည့်နေ့ရက်များ
ကို တွက်ချက်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ထိ ရွှေ့ဆိုင်းလိုက်လေ သည်။
ရုံးပြန်အဆင်းတွင် ကျွန်ုပ်သည် ပိလက်-ဘိုးလက်(ခ)(၁၆) ရုပ်ရှင် ကင်မရာ
ရီတီနားရုပ်သေကင်မရာတို့ဖြင့် ရိုက်ကူးနေရာ ကျွန်ုပ်သည် ဦးစော
မျက်နှာလွှဲသွားလိမ့်မည်ဟု ထင်မိသော်လည်း မျက်နှာပြောင်သော ဦးစောသည်
ကင်မရာကို တည့်တည့်ကြည့်ကာ ဟန်လုပ်၍ပင် ပြုံးသွားသေး တော့သည်။ ထိုနေ့တွင်
မောင်စိုး၊ သက်နှင်း၊ မှုံကြီး၊ ရန်ကြီးအောင်တို့သည် ဦးစော၏အလိုကျ ဦးစော
ရှေ့နေငှားတာကို ကျေနပ်ပါသည်ဟုပြောပြီး တဂိုဏ်းကွဲကာ ကျန်တရားခံများဖြစ်သူ
ခင်မောင်ရင်၊ မောင်နီ၊ စိန်ကြီးတို့ ရှေ့နေ မငှားဟု ဂိုဏ်းကွဲတော့သည်။
သုခကား သီးခြားရှေ့နေ တောင်းဆို လေသည်။
၁၄၉၇ အောက်တိုဘာလ ၅ ရက်၊ လုပ်ကြံမှုစစ်ဆေးသည့် ဒုတိယမြောက်နေ့။
အစစ အရာရာ စီစဉ်ပြီးဖြစ်သဖြင့် တရားခံ အပို့အယူ၊ သတင်း ထောက်များ
အထွက်အ၀င်များမှာ ပထမနေ့ကလောက် မခဲယဉ်းပေ။ အရင်ရောက်သူများ
အရင်ဝင်ခွင့်ရသဖြင့် ကျွန်ုပ်တို့ ဘူးပေါက်ထဲအရောက် တွင် မေရီစောနှင့်
အဘိုးဖြစ်သူ ဦးလူကလေး၊ ရှေ့နေဦးစံဝင်း၊ ဦးသိန်း ကျော်တို့နှင့်အတူ
တွေ့ရသည်။ ဒေါ်သန်းခင် နေမကောင်း၍ မလာနိုင်ရှာ။ ဘူးပေါက်အတွင်း
ရောက်,ရောက်ချင်း ကျွန်ုပ် ပထမဆုံး ရလိုက်သော ဓာတ်ပုံကား မေရီစော၊
ဦးလူကလေးနှင့် ဦးစံဝင်းတို့ ဆွေးနွေးနေပုံပင်တည်း။
၁၀ နာရီခွဲခန့်တွင် အမှုကိုစတင်စစ်ဆေးရာ အစိုးရရှေ့နေချုပ်ကြီး က အမှုကို
စတင်လျှောက်လဲတော့ကြောင်း၊ လုပ်ကြံမှု မတိုင်မီ ၂ ရက်၊ ဇူလိုင်လ ၁ ရက်နေ့က
ဒေါ်သန်းခင်၏တူ ခင်မောင်ရင် (တရားခံ) က အစည်းအဝေးရှိ,မရှိ စုံစမ်းသည်မှအစ ၁၈
ရက်နေ့၌ ဦးစောက အစစ အရာရာ သွန်သင်ပြီး ၁၉ ရက်နေ့တွင် ခင်မောင်ရင်၊
မှုံကြီး၊ မောင်နီ၊ ဘညွန့်တို့က သွားနှင့်ပြီး နောက်မှ သက်နှင်း၊ မောင်စိုး၊
စိန်ကြီး၊ ရန်ကြီးအောင်၊ သုခတို့ လိုက်သွားပြီး လုပ်ကြံခဲ့ပုံ၊
ပြန်လာပြီး အိမ်၌ အောင်ပြီ, အောင်ပြီဟု ကြွေးကြော်ပုံများကို
လျှောက်သွားလေသည်။ သခင်နုကို သတ်ခိုင်းပုံများကိုပါ လျောက်လဲပြီး
လက်နက်များတွေ့ပုံ၊ ဂျစ်ကားနံပါတ်လိမ်တွေ့ပုံတို့ကိ
ုပါ ထည့်သွင်းလျှောက်လဲစေသည်။
ရန်ကုန်ပုလိပ်မင်းကြီး ဦးအောင်ချိန်ကလည်း ဖြစ်ပွားစဉ်က အတွင်း ၀န်ရုံး၊
ပုလိပ်မင်းကြီးရုံး၌ရှိပြီး ချက်ချင်း ဗိုလ်ချုပ်တို့အခန်းကို သွား
ရောက်တွေ့ရပုံ၊ တမြို့လုံးရှာဖွေရန် အမိန့်ပေးပုံတို့နှင့် တကွ၊ ညနေပိုင်း
ဦးစောအိမ်ကိုရှာပြီး ဦးစောအား ဖမ်းဆီးကြောင်း သတင်းရပုံများကိုပါ
ထွက်ဆိုသွားလေသည်။
၁၉၄၇ ခု အောက်တိုဘာလ ၁၆ ရက်။
လုပ်ကြံမှုကြီးကို ဆက်လက်စစ်ဆေးရာ ၀န်ကြီး ဦးဗဂျမ်း၊ ၀န်ကြီး ဦးအောင်ဇံဝေ ဗိုလ်ချုပ်အပါးတော်မြဲဗိုလ်ထွန်
းလှ၊ လုပ်ကြံရန် တက်လာ သူများကို မြင်ရသော ကိုအုံးခင်နှင့် ကိုမောင်မောင်တို့အား စစ်ဆေးလေ သည်။
ထိုနေ့က အစစ်ခံချက်များကို လွယ်ကူစွာ နားလည်နိုင်ရန် ဗိုလ် ချုပ်အခန်း၊ ပုံစံ အတွင်းဝန်ရုံးမြေပုံများကို တင်ပြလေသည်။
ဝန်ကြီးဦးအောင်ဇံဝေအား စတင်စစ်ဆေးရာ ဦးအောင်ဇံဝေက ဇူလိုင် ၁၉ ရက်နေ့
အစည်းအဝေးတွင်ရှိကြောင်း၊ ထိုသို့ အစည်းအဝေးပြုလုပ် နေစဉ်တွင် စစ်ဝတ်စစ်စား
ဝတ်ထားသူများ တံခါးတွန်းဖွင့်လာကာ တယောက်က မအော်ရန်သော်၎င်းင်း၊
မပြေးရန်သော်၎င်းင်း အော်ဟစ်ရာ ဗိုလ်ချုပ်အောင်ဆန်းကသူသတ်တို့အ
ား မျက်နှာမူလျက် မတ်တပ်ထလိုက်ကြောင်း။ ထိုအချိန် တွင်
စတင်ပစ်ခတ်ရာ ဗိုလ်ချုပ်လဲသွားကြောင်း။ မိမိလည်း လှဲချလိုက်
ကြောင်းများကို ထွက်ဆိုသွားကြောင်း။
ဆက်လက်၍ ၀န်ကြီးဦးဘဂျမ်းကို စစ်ဆေးရာ ထိုအတိုင်းပင် ထွက်ဆိုသွားပြီး လက်၌သေနတ်မှန်၍ဒဏ်ရာရသည်ကိုပါ ထည့်သွင်းထွက် ဆိုသွားကြောင်း။
ဗိုလ်ထွန်းလှအား စစ်ဆေးရာ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က ဗိုလ်ချုပ်နှင့်အတူ
ရုံးသို့လာကြောင်း။ ဖြစ်ပွားစဉ်က ဗိုလ်ချုပ်နားတွင် မရှိကြောင်း။
အသံကြားပြီးမှ ၀င်သွားရာ ယမ်းစော်နံပြီး မီးခိုးများရှိ ကြောင်း။
ဗိုလ်ချုပ်မှာ အသက်မရှိတော့ကြောင်း ဆိုင်ရာသို့ သူနာပြုကား များ
မှာယူကြောင်းနှင့် ဗိုလ်ချုပ် ဘိလပ်သွားစဉ်ကလည်း အပါးတော်မြဲ အဖြစ်
ပါသွားကြောင်းများကို ထွက်ဆိုသွားလေသည်။ မစ်္စတာဗတားနစ် (ဦးစောရှေ့နေက)
အပြန်အလှန် မေးခွန်းများထုတ်ကြောင်း။
ဦးအုံးခင်အား စစ်ဆေးရာ ထိုနေ့က ဦးမောင်မောင်နှင့်အတူ ပြန်
လည်ထူထောင်ရေးရုံးခန်းထောင့်မှာ စကားပြောနေစဉ် စစ်ဝတ်စစ်စား ၀တ်ပြီး
သေနတ်များကိုင်ဆောင်ကာ တက်လာသူများကို တွေ့ကြောင်း။ ဒီလူတွေဟာ
ဗိုလ်ချုပ်အောင်ဆန်းအခန်းဘက်သွာ
းတာကို တွေ့ရပြီး သေနတ်သံများ ကြားရကြောင်းကို ထွက်ဆိုသွားလေသည်။
ဦးမောင်မောင်ကလည်း ထိုသို့ပင် ထွက်ဆိုသွားပြီး မေးရိုးကြီးကြီး နှင့်
လူတယောက် (သက်နှင်း) ကို သတိထားလိုက်မိကြောင်းများကို အစစ်ခံသွားလေပြီး
ထိုနေ့အတွက် ရုံးဆင်းလိုက်လေသည်။
၁၉၄၇ အောက်တိုဘာ ၁၉ ရက်။
ထိုနေ့တွင် ဖော်ကောင် ဘညွန့်၏ ဖြောင့်ဆိုချက်ရှိ၏။ လူတိုင်းစိတ်
ဝင်စားလျက် ရှိလေသည်။ ထောင်ထဲသို့ ၀င်ရန်မှာလည်း နားလည်မှု ရှိသွားပြီဖြစ်၍
အနည်းငယ်လွယ်ကူသွားလေပြီ။
တရားခံများကို ဦးစောနှင့်အတူ ရှေ့နေငှားကြသည့် သက်နှင်း၊ မောင်စိုး၊
မှုံကြီး၊ ရန်ကြီးအောင်တို့ကို တသုတ်။ ရှေ့နေ မငှားလိုကြသည့် ခင်မောင်ရင်၊
စိန်ကြီး၊ မောင်နီ၊ သုခတို့အား တတွဲထုတ်လာလေသည်။ ထူးခြားချက်တရပ်မှာ
အရေးကြီးသည့် သက်သေဘညွန့်အား စစ်မည့် နေ့တွင် ဦးစော ရှေ့နေ
ဗတားနစ်မရှိခြင်းပင်တည်း။
၁၀ နာရီတွင် ဦးစောအား ထုတ်လာရာ မန်းကျည်းမှည့်အသစ်ရောင်
မန္တလေးလုံချည်အဖြူကွက်ကျဲနှင့် ရှပ်အင်္ကျီအညိုဖျင်၊ သက္ကလပ် တိုက်ပုံ
အညိုဖျော့ဖျော့။ မျက်မှန်စိမ်းတို့နှင့် ၀င်လာသည်။ မျက်နှာမှာ
အရင်နေ့များလောက် မပြုံးနိုင်သော်လည်း ဣနြေ္ဒမပျက်လှသေးပေ။
ပထမဆုံး အတွင်းဝန်ဦးတင်အုံးအား စတင်စစ်ဆေးရာ လက်ရေး တိုစာရေး
မောင်အောင်နှင့်အတူ ဦးရွှေဘော် အခန်းပြင်ရှိ မောင်အောင်၏
အခန်းအပြင်ဘက်တွင် ထိုင်နေရာမှ ခြေသံကြားသဖြင့် အခန်းပြင် ၀ရံတာ ကြည့်မိရာ
ယူနီဖောင်းအစိမ်း ၀တ်ထားသူ လေးငါးဦးကို သေနတ်များနှင့် တွေ့လိုက်ကြောင်း၊
အပြင်ဘက်သို့ ထွက်ကြည့်ရာ ထိုသူများက ဗိုလ်ချုပ် အခန်းတံခါးကို
တွန်းဖွင့်ဝင်သွားသည်ကို တွေ့လိုက်ရပြီး မကြာခင်ပင် အော်သံများ၊
သေနတ်သံများ ကြားရကြောင်းကို ထွက်ဆိုအစစ်ခံလေ သည်။
ထို့နောက် မိမိသည် ဗိုလ်ချုပ် အခန်းတွင်းသို့ ၀င်သွားရာ(ဗိုလ်ချုပ်
အခန်းပုံစံကိုပြပြီး အစစ်ခံသည်) ဗိုလ်ချုပ်နှင့်တကွ ဦးအုံးမောင်မှာ ကြမ်း
ပြင်ပေါ်တွင် လဲနေလျက် အခြားသူများကိုလည်း သွေးအိုင်ထဲတွင် တွေ့
ရကြောင်းကို ထွက်ဆိုလေသည်။ အစိုးရရှေ့နေချုပ်ကြီးက ဖြည့်စွက် မေးမြန်း၍
ဗိုလ်ချုပ်တို့ ဘိလပ်သွားစဉ်က လက်ထောက်အတွင်းဝန်အဖြစ်
ပါဝင်ကြောင်းများကိုပါ ထွက်ဆိုလေသည်။
သက်သေ မောင်အောင်အား ဆက်လက်စစ်ဆေးရာ ဦးထင်အုံးနှင့် အတူ နေထိုင်ရာမှ
ဘိနပ်သံကြားပုံ ထွက်ကြည့်၍ မင်းစေအား စစ်ဝတ် စစ်စားနှင့်လူများက တွန်းပြီး
ဗိုလ်ချုပ်အခန်းတွင်းဝင်သွားပုံ
နှင့် သေနတ် သံကြားရသည်များကိုပါ ထွက်ဆိုသွားလေသည်။
မောင်အောင် စစ်ဆေးပြီး၍ ဖော်ကောင် (Approver)ဘညွန့်အား စစ်ဆေးမည်အပြုတွင်
ဦးစောက သူ၏ရှေ့နေ မစ်္စတာ ဗတားနစ်မရှိသေး သည့်ပြင် ဘိလပ်မှ
ဝတ်လုံကြီးများလည်း မရောက်သေး၍ အရေးကြီး သည့် သက်သေဖြစ်သူ ဘညွန့်အား
မစစ်ဆေးရန် ပြောဆိုလေသည်။ တရားဝန်ကြီး ဦးကျော်မြင့် ခုံအဖွဲ့ဥက်္ကဋ္ဌက
ဦးစော၏ အလိုကို အမြဲလိုက် ခဲ့ကြောင်း၊ ယခု ဘညွန့်ကိုစစ်သော်လည်း
နောင်ဦးစော၏ ရှေ့နေများ ရောက်လာက ထပ်မံမေးခွန်းများထုတ်နိုင်ကြော
င်း ထုံတမ်းအရလည်း အရေးကြီးသော သက်သေများကို အရင်စစ်ရမည့်
အကြောင်းများကို အကျယ်တ၀င့် ရှင်းပြပြီး သက်သေဘညွန့်အား စစ်ဆေးရန် ခေါ်ယူလေ
သည်။
အပေါ်အင်္ကျီအနက်ဝတ်၍နေကာမျက်မှန်တပ
်ထားသော ဘညွန့် သည် ဖျတ်လတ်စွာ ၀င်ရောက်လာပြီး မည်သူ့အားမှ မကြည့်ဘဲ ကျမ်းကိုင် အစစ်ခံလေတော့သည်။
ဘညွန့်ဝင်လာသည့်အချိန်မှစ၍ ဦးစောသည် တခွန်းမျှ စကားမပြော တော့ဘဲ
ခေါင်းငုံ့နေပြီးလျှင် မှတ်သားလိုသည်တို့ကိုသာ လိုက်လံ မှတ်သားလေတော့သည်။
သက်နှင်းနှင့် မောင်စိုးမှာ ယခင်နေ့ကထက် စိတ်ပုတီး ပိုမိုစိတ် ပြီး
ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုနေကြလေသည်။ ကြောင် တက်တက် ဖြစ်နေသော သူတို့၏
မျက်လုံးနှစ်စုံမှာ သက်သေခံ တင်ပြ ထားသော တော်မီဂန်းနှင့်
စတင်းဂန်းနှစ်လက်ကို ကြောက်ရွံ့နေဟန်ရှိလေသည်။
““ကျွန်တော် ဆယ်တန်းအောင်ပါသည်။ လွန်ခဲ့သော ဖေဖော်ဝါရီလ လောက်က ဦးစော
အုတ်ဖိုသို့ တရားဟောလာစဉ်က စတွေ့ပါသည်”” မှ အစချီကာ နတ်သံနှောလေလျှင်
ဦးစောကား ငြိမ်းသည်ထက် ငြိမ်သွား တော့သည်။
ဘညွန့်၏ ဆက်လက်ထွက်ဆိုချက်မှာ ““အဲ-ဒီတရားပွဲတုံးက ကျွန်တော်က
အတွင်းရေးမှူးပဲ၊ ဦးစောက ““ခင်ဗျားတို့လို ပညာတတ်လူ ငယ်တွေ
မျိုးချစ်အဖွဲ့ထဲဝင်ရင် ကျေးဇူးရှိမှာပဲ””လို့ ပြောပြီး ကျွန်တော့ အား
ရန်ကုန်ရောက်လျှင် အိမ်အလည်လာရန် မှာကြားသွားပါသည်။ မှာသည့်အတိုင်း
လွန်ခဲ့စည့် ဇွန်လ တတိယပတ်လောက်က ကျွန်တော့် မိန်းမ ဒပ်ဖရင်ဆေးရုံတွင်
ဆေးကုဖို့လာပို့ရင်း ဦးစောအိမ်ကို အလည်သွားပါ သည်။ ဦးစောနှင့်
နိုင်ငံရေးဆွေးနွေးရာ ဦးစောက ဂဠုန်တပ်ဖွဲ့စုရန်နှင့် လက်နက်ရှိသူများသာ
နိုင်ငံရေးမှာ လွှမ်းမိုးမှာဘဲဟုပြောရာ ကျွန်တော်က လက်နက်ရှိရင်(Civil
War)ပြည်တွင်းစစ်သော်၎င်း၊ ( Independence War) လွတ်လပ်ရေး စစ်ပွဲသော်၎င်း
ဖြစ်ရမှာပဲ၊ အဲဒါ ဘယ်လမ်းလိုက်မလဲ မေးတော့ ဦးစောက ဒုတိယလမ်း (
Independence War) လို့ပြောတယ်။
ကျွန်တော်က မျိုးချစ်ပါတီကိုဝင်ရင် ဆိုရှယ်လစ် သဘောတရား အချို့နဲ့
ကွန်မြူနစ်သဘောတရားအချို့ကို ကောင်းတာလေးတွေနှုတ်ပြီး မျိုးချစ်ပါတီမှာ
သုံးနိုင်မလားဆိုတော့ သူကလက်ခံပါတယ်။ ဒါကြောင့် ကျွန်တော်လည်း သဘောကျပြီး
မျိုးချစ်ပါတီဝင်ဖို့ သဘောတူပါတယ်။
အဲ-ဒီလို ဆွေးနွေးပြီး ဦးစောအိမ်တွင် ကျွန်တော် ရှစ်ရက်လောက်
သွားအိပ်ပါတယ်။ အဲ-ဒီအခါ ဦးစောက ကျွန်တော့်အား လက်နက်ထုတ်ဖို့ ကိစ္စ
project က ငွေတွေစီးဖို့ ကိစ်္စကိုပြောတယ်။
““ဦးစောက နိုင်ငံရေးမှာ အတိုက်အခံ ခေါင်းဆောင်ကိုသတ်လိုက်ရင်
လမ်းရှင်းသွားမှာပဲလို့လဲ ပြောတယ်။ ကျွန်တော်က ဒီလို မလုပ်ဘဲ
နယ်ချဲ့သမားကို တိုက်ပါ။ တိုက်ရင် နယ်ချဲ့ရှေ့က ဗိုလ်ချုပ် လာကာကွယ်
လိမ့်မယ်။ ဗိုလ်ချုပ်ရှေ့က သူ့လူတွေလာလိမ့်မယ်။ အဲ-ဒီအခါကျတော့
မြန်မာ့ဇာတ်ခုံပေါ်မှာ။ အဲဒါကို တင်ပြလိုက်ရင် ပြီးတာပဲလို့ ပြောခဲ့တယ်။
““နောက် ကျွန်တော်ပြန်တော့ ဇူလိုင်လ ၁၈ ရက်နေ့ အရောက် ဆက်ဆက်လာခဲ့ဖို့
ဦးစောက မှာတယ်။ မှာတဲ့အတိုင်း အဲဒီနေ့အရောက် အိုးသည်ကုန်းက ဂျစ်ကားနဲ့
လာခေါ်ခဲ့ပါတယ်။ ဒီရောက်တော့ ဦးစောက နောက်တနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ
ဗိုလ်ချုပ်အား လုပ်ကြံဖို့ အစီအစဉ် ပြောပါတယ်။
၁၉ ရက်နေ့မှာ ကျွန်တော်ရယ်၊ ခင်မောင်ရင်၊ မှုံကြီး၊ မောင်နီတို့ က
စထေးရှင်း ၀က်ဂွန်ကားနဲ့ သွားနှင့်ရတယ်။ ၄၁ လမ်းနဲ့ ဒါလဟိုဇီလမ်း
ထောင့်မှာ မော်တော်ကားရပ်ပြီး ၀န်ကြီးအစည်းအဝေးရှိ၊ မရှိ ခင်မောင်ရင် က
စုံစမ်းရတယ်။ ရှိကြောင်း အသေအချာသိတော့မှ ခင်မောင်ရင်က ဦးစောဆီ
““ပစ်စတင်ရင်းရပြီ””လို့ တယ်လီဖုန်းဆက်လိုက်တယ်။ ကျွန်တော်က သခင်နုကို
လုပ်ကြံဖို့ မှာလိုက်တဲ့အတိုင်း လွှတ်တော်ထဲမှာ သခင်နုကို သွားကြည့်ရာ
မတွေ့သဖြင့် မော်တော်ကားရှိရာသို့ ပြန်ပြီးစောင့် နေပါတယ်။
““ဟော- လာပြီ၊ လာပြီလို့ ခင်မောင်ရင်ကပြောလို့ ကြည့်လိုက် တော့
ဂျစ်ကားကလေးတစင်း စစ်ယူနီဖောင်းနဲ့ လူတွေတင်ပြီး ၀င်သွား တာ မြင်လိုက်တယ်။
မကြာခင်ဘဲ ဝေါခနဲ၊ ဝေါခနဲ စက်သေနတ်ဆွဲသံ ကြားပြီးနောက် ဂျစ်ကားကလေးဟာ
မှန်မှန်ပဲ ပြန်ထွက်လာတယ်။
ကျွန်တော်တို့ ပြန်လာတော့ မှုံကြီးမပါလာခဲ့ပါ။ အိမ်ရောက်တော့ ဦးစောက
အောင်ပြီ၊ အောင်ပြီဟု ကြုံးဝါးသံကြားပါတယ်။ ကျွန်တော် ကလည်း New Calender
ခေတ်သစ်စပြီလို့ အော်လိုက်ပါတယ်။
သခင်နု ကောလို့ အင်္ဂလိပ်လို ဦးစောကမေးရာ မတွေ့ခဲ့ကြောင်း ပြန်ပြောပါတယ်။
ကိုက်တရာလောက်တွင် လူနှစ်ယောက်၊ တယောက်က ငါးမျှားနေပြီး တယောက်က
အိမ်ဘက်ကြည့်နေရာ စုံထောက်ဟုထင်သဖြင့် အတွင်းသို့ ၀င်ကြပါသည်။ ညနေဘက်ကျတော့
ပုလိပ်များလာရောက်ဖမ်းဆီးတာပါပဲ
ဟု ထွက်ဆိုပြီး အပြန်အလှန် မေးခွန်းမေးရန် နောက်တနေ့သို့ ချိန်းဆို
ကာ ထိုနေ့အတွက် ရုံးဆင်းလိုက်ပါကြောင်း၊ ထိုအချိန်တွင် ဦးစော၊ မောင်နီ၊
သက်နှင်းတို့ အထူးမျက်နှာပျက်နေသည်ကို တွေ့ရှိရလေသည်။
မြ၀တ်လွှာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)