Facebook

Thursday, July 4, 2013

လုပ်သင့်သော်လည်း လုပ်နိုင်ခဲသည် ကောင်းမှုတစ်ခုအတွက် သာဓု ခေါ်ပါသည်။



     လမ်းဘေးတွင် လဲနေသည့် အိုကြီးအိုမ တစ်ဦးကို ခရီးသွားလာရင်း ရှောင်တခင် တွေ့ပါက သင် မည်သို့ အရေးယူပေးမည်နည်း။ ခေတ်ကာလ အခြေအနေအရ အတော်ပင် အဖြေရကျပ်သည့် မေးခွန်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဤသို့ အခြေအနေမျိုးတွင် အရေးတယူ တုံ့ပြန်ပေးသည့် ``သူမ`` ကို ဤစာဖြင့် အမှတ်တရ ဂုဏ်ပြုလိုက်ပါသည်။


     သူမသည် ဂျပန်စကားပြော တိုးရစ်ဂိုက်တစ်ဦးဖြစ်သည်။ အလုပ်ကိစ္စဖြင့် ရန်ကုန်မြို့ထဲသို့ ယနေ့ (၃ ရက် ဇူလိုင်လ ၂၀၁၃ခု) ရောက်ခဲ့သည်။ ဆူးလေဘုရားနားအရောက် ပလက်ဖောင်းပေါ်တွင် တွေ့လိုက်ရသည်က လဲလျောင်းနေသည့် ဘုန်းကြီးတစ်ပါး။ ဖြတ်သွားဖြတ်လာများဖြင့် မစဲအောင်ရှိနေသော်ငြား မည်သူမှ ဂရုမစိုက်အား၊ မိမိဝမ်းစာရေးအတွက် သွားလာလှုပ်ရှားမပြတ်။ မနက်ဖန် ဘားအံသို့ ခရီးထွက်ရမည့် သူမအဘို့ ယနေ့ အတွက်တော့ အားနေသည်ဟု ဆိုရမည်။ တိုးရစ်စ်ဂိုက်တစ်ယောက်အဘို့ ခရီးတစ်ခါထွက်ရန် အထုပ်အပိုးပြင်ခြင်းသည် ရေးကြီးခွင်ကျယ်မဟုတ်တော့။ လဲနေသူ ဘုန်းကြီး၏ အနီးတွင် ကူဖော်လောင်ဘက် တစ်ဦးမှ မရှိ။

     ထို့ကြောင့် သူမ အခြေအနေကို စနည်းနာဘို့ ဆုံးဖြတ်လိုက်သည်။ ဘုန်းကြီး၏ အနားသို့ ချဉ်းကပ်လိုက်၏။ အို... ဘုန်းကြီးအိုကြီး တစ်ပါးပါလား။ အတော်ခရီးနှင်လာခဲ့ပုံပေါ်သည်။ ချဉ်စုပ်စုပ် အနံ့ပေါင်းစုံဖြင့် ရောပြွမ်းနေ၏။ နှာခေါင်း ရှုံ့မနေအား...။ အသံပြုကြည့်လိုက်၏။ မတုံ့ပြန်။ အသာအယာလှုပ်ကြည့်၏။ တုပ်တုပ်မလှုပ်။ အေးစက်နေ၏။ ဗုဒွေါ ဘုရား.... ပျံလွန်သွားခဲ့ပြီလား။ တုန်လှုပ်စွာဖြင့် အနားမှ လူများကို အော်ဟစ် အကူအညီတောင်းရ၏။ လူများ ဝိုင်းအုံစ ပြုလာသည်။

     လူငယ် တစ်ဦးမှ ဘာအကူအညီပေးရမလဲ မေးလာ၏။ အားကိုးတကြီးဖြင့် အနီးအနားတွင် ဆရာဝန်ပင့်ပေးဘို့ ပြောလိုက်သည်။ လူငယ်လေး အနီးအနား ဈေးဆိုင်များကို ဟိုမေး၊ ဒီစမ်းဖြင့် ဆရာဝန်တစ်ဦး ရောက်လာပါ၏။ စမ်းသပ်ပြီး အသက်ငွေ့ငွေ့ ရှိသေးကြောင်းပြော၏။ ဘုန်းတော်ကြီး သတိရ နိုးထလာသည်။ ရင်ထဲမှ အောင့်နာနေကြောင်းပြော၏။ ဆရာဝန်မှ ဆေးရုံပို့က သင့်တော်ကြောင်း ပြော၏။

     ဆရာဝန်အား ကျေးဇူးတင်စကား သုတ်သုတ်ပြောပြီး ဘုန်းဘုန်းအား အငှါးကား တစ်စီး ငှါး၍၊ ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပြေးပို့ရလေသည်။ လူငယ်လေးလည်း လိုက်ပါကူညီပါ၏။ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်၍ မြန်မြန် ဆေးကုသမှု ပြုပေးပါရန် တောင်းပန်တိုးရှိုး နိုးဆော် ရလေသည်။ ထုံးစံအတိုင်း မှုခင်းစစ် ရဲအရာရှိနှင့် ရင်ဆိုင်ရပါ၏။ စစ်စစ်ပေါက်ပေါက် မေးသမျှကို ခရေစေ့တွင်းကျ ဖြေရပါ၏။ သူ့တာဝန် အတော် ကျေပွန်ပါသည်။ မိမိမှာ ကူညီ၍ ဆေးရုံလာပို့သူသာ ဖြစ်ကြောင်း လူငယ်လေးမှလည်း အပြန်အလှန် သက်သေခံပေးပါ၏။

     ဘုန်းဘုန်း၏ အိပ်ကို လှန်လှောရှာဖွေရာမှ ဖုန်းနံပတ်များ ၃ - ၄ လုံးခန့် တွေ့ရသည်။ ဆက်သွယ်သော်လည်း အဆင်မပြေ။ ချိတ်ဆက်၍ မရချေ။ (စကားချပ်။ ည ဆယ်နာရီခန့်တွင်မှ ဘုန်းဘုန်း၏ အမျိုးတော်သူ ဒကာမ တစ်ဦးနှင့် အဆက်အသွယ် ရပါသည်။ ဧရာဝတီတိုင်းအတွင်းရှိ မြို့တစ်မြို့မှ ဖြစ်ပါသည်။) ဘုန်းဘုန်းအတွက် လိုအပ်သည် ဆေးဝါး++ များ ဝယ်ခြမ်းပေးပြီးမှ ဆေးရုံမှ ညနေ ၆ နာရီခန့် ထွက်ခွာလာခဲ့သည်။

     ကုန်ကျငွေမှာ ကျပ်နှစ်သောင်းကျော်သာသာ။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရသော်လည်း၊ လူ့အသက်တစ်ချောင်း ထို့ထက်ပိုရလျှင် ဘုန်းဘုန်းတစ်ပါး၏ အသက်ကို ကယ်လိုက်ရသည်က သူမ အနေနှင့် ပင်ပန်းတာ အလွန်ထိုက်တန်သည် ထင်မိ၏။

     ထိုစဉ်က ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးကို ကူညီဖော်မရခြင်းကြောင့် စိတ်တိုရမည်လား? ဒါမှမဟုတ် ၎င်းတို့၏ ကူညီဖော်မရခြင်းကပင် သူမအတွက် မဟာဒုတ်မဲ ကျသည့်အလား ပရဟိတ ကုသိုလ်ပြုခွင့် တစ်ခု တိုက်ဆိုင်စွာ ရလိုက်သည်ပေလား ? သူမ ရှည်ရှည်ဝေးဝေး မစဉ်းစားချင်တော့ပေ။

     ကျနော်တို့ မြန်မာ့အရုဏ်သစ်မှ အမြူတေမန်ဘာ အမြဲတမ်း အလှူရှင် မလှကြည်ထွေး ခေါ် Innocent Nay အား သူမ၏ ကောင်းမှုတစ်ခုအတွက် ဤဆောင်းပါးဖြင့် အမှတ်တရ ဂုဏ်ပြုလိုက်ပါသည် ခင်ဗျား။ -:-:-:-:- ဇော်မင်းလွင် -:-:-:-:-

Credit - image: www.panoramio.com
ပုံ - ကျောက်ကလပ်စေတီတော် (ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှိုင်ရွှာကျေးရွာ)

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ https://www.facebook.com/groups/Myanma.ArunThit.Org/ သို့ ဖိတ်ခေါ်ပါသည်။

ဖေ့ဘုတ်တွင် ဖတ်ရန် ဒီလင့်ကို နှိပ်ပါ။

Saturday, May 25, 2013

ယင်လုံအိမ်သာ အလှူ


"ဟုတ်တယ်ဖေဖေ... သ္မီးသူငယ်ချင်းပြောပြတာ သူတို့နေတဲ့ အိမ်နားမှာ တချို့အိမ်တွေဆို အိမ်သာတွေက ကျင်းတွေ ပြည့်နေတာတဲ့။ ထပ်ဆောက်ဘို့လည်း အဆင်မပြေဘူးပြောတယ်။ ချေးတွေကို နောက်ဖေးမြောင်းထဲ သွန်ချရတာတဲ့။ တစ်ခါတစ်ခါ တစ်ခါသွန်လိုက်ရင် အနီးဝန်းကျင်မှာ နံ...ဟောင်... နေတာပဲတဲ့။ ရေမြောင်းထဲက မည်းမည်းအနှစ်တွေကို မြောင်းဘောင်ပေါ်တင်တင်ထားတာ မည်းမည်းအပုံကြီးတွေ ရွံစရာချည်းပဲ။"

ကျူးကျော်ရပ်ကွက်လေးတစ်ခုက ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတစ်ကျောင်းအတွက် ယင်လုံအိမ်သာဆောက်ပေးဘို့ တိုင်ပင်နေစဉ် ဖေ့ဘုတ်မှာတက်လာတဲ့ ၎င်းကျောင်းပုံများကို ကြည့်လျက် ဝင်စပ်စုလာသူ သ္မီးဖြစ်သူရဲ့ ထောက်ခံစကားဖြစ်ပါတယ်။ သူမပြောသည့် သူငယ်ချင်းအိမ်နားဝန်းကျင်ထက် ပို၍ပင် ဆိုးကောင်းဆိုးမည်ဖြစ်သော ကျူးကျော်ရပ်ကွက်လေးတစ်ခုရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတစ်ကျောင်းကလေး၏ မိုးတွင်း ကျောင်းရာသီ ဖြတ်သန်းရမည့်အခြေအနေကို ရင်လေးမိပါသည်။

မွေးမြူရေးခြံလုပ်သားမိသားစုများ၏ သားသ္မီးများအတွက် ရပ်ကွက်ထဲက အစိုးရကျောင်းသို့ သွားတက်ရန်မှာ အစစအရာရာ အလှမ်းဝေးသော အခြေအနေတစ်ရပ် ဖြစ်ပါ၏။ အခြေအနေအရ ကိုယ်ထူကိုယ်ထ မတည်ထားသော (စေတနာရှင်မတည်သူ၏ တတ်အားသမျှ) အထောက်အပံ့ဖြင့် ရပ်တည်ရသော ကျောင်းတစ်ကျောင်းအဘို့
ယင်လုံအိမ်သာ ရေလောင်းအိမ်သာ အထူးလိုအပ်လျက် ရှိ၏။ များမကြာမီ မိုးရာသီဝင်၍ ခြင်၊ ယင်တစ်လောင်းလောင်း ပွားများပေါက်ပွားတော့မည့်ကာလတွင် အခြေခံလူတန်းစား ကျောင်းသားကလေးသူငယ်များ၏ ကျမ္မာရေးအတွက် ၎င်းနေရာဒေသရှိ ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုစိုက်ရန် အရေးကြီးလိုအပ်ချိန် ဖြစ်ပါသည်။

ပတ်ဝန်းကျင်ဒေသအခြေအနေကို တင်ပေးသောပုံကြည့်၍ ခံစားသိရှိနိုင်ပါသည်။ မိုးမကျမီ ရုပ်လုံးပေါ်လာမည့် ထို သွပ်မိုးပျဉ်ကာ သုံးခန်းတွဲ ယင်လုံ၊ ရေဆွဲအိမ်သာလေးကို မြင်ယောင်မိ၏။ ထိုမှတဖန် ဝမ်းမြောက်ဝမ်းသာရှိမည့် ဆရာ၊ဆရာမများနှင့် ကျောင်းသားကလေးသူငယ်များ၏ မျက်နှာကို မြင်ယောင်မိ၏။ တဖန် ကျေနပ်နှစ်သက်စွာ မုဒိတာပွားနေမည့် မြန်မာ့အရုဏ်သစ်အဖွဲ့ဝင် အလှူ့ရှင်များ၊ စီစဉ်၊ချိတ်ဆက်ပေးသူများကို မြင်ယောင်မိ၏။ ကျပ်လေးသိန်းခွဲမှ ငါးသိန်းအကြား ကုန်ကျငွေမည်ဟု လျာထားတွက်ချက်ထားပါသည်။ ဆောက်လုပ်ရေးအတွက် ကိုဝေလင်းခိုင် Wai Lynn Khaing မှ စီမံခန့်ခွဲပေးမည် ဖြစ်ပါသည်။

ထိုမျှလောက်သောငွေဖြင့် ဝမ်းရောဂါကဲ့သို့ ကူးစက်ရောဂါဆိုးတစ်ခု၏ အန္တရာယ်မှ ၎င်းကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလေး၏ ကလေးငယ်တစ်ဦးကို ကာကွယ်လိုက်နိုင်သည်ဟု ခံစားမိလျှင်ပင် ကျနော်တို့ ကြိုးပမ်းရကျိုးနပ်ပြီဟု ယုံကြည်ပါသည်။ စေတနာရှိသူ အလှူ့ရှင်များကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

https://www.facebook.com/groups/Myanma.ArunThit.Org/


လးစားစွာဖြင့်


Friday, March 8, 2013

၂၀၁၃ခု မတ်လ ၂၆ရက် တပေါင်းလပြည့်နေ့ (တတိယအကြိမ်မြောက်) စုပေါင်းသွေးလှူဒါန်းပွဲသို့ ဖိတ်ကြားခြင်း


၂၀၁၃ခု မတ်-၂၆ တပေါင်းလပြည့်နေ့ - တတိယအကြိမ်မြောက်
ုပေါင်းသွေးလှူဒါန်းပွဲ (မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်းမိသားစု)


မတ်-၂၆ တပေါင်းလပြည့်နေ့ (တတိယအကြိမ်မြောက်) စုပေါင်းသွေးလှူဒါန်းပွဲအတွက် သွေးလှူတန်းမည့်သူများ ဆန္ဒပြုနိုင်ပါပြီခင်ဗျာ။ သွေးလှူသူများကို အမှတ်တရ အသင်းတီရှပ်တစ်ထည်စီ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ် လှူတန်းမည့်ဦးရေ ၃၀၀ (ခန့်) လက်ခံရရှိပြီး ဖြစ်ပါတယ်။ နောက်မကျရလေအောင် နိုးဆော်လိုက်ရပါတယ် ခင်ဗျာ...။


  • CMA ပုညကုသလ ဗဟုကအသင်း - အမှတ် ၇၃/၇၉၊ လမ်းမတော် (Lower Block) CMA Tower (ဖုန်း ၀၁-၂၁၆၆၈၅)
  • တတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို မတ်-၂၆ တပေါင်းလပြည့်နေ့တွင် CMA ပုညကုသလ ဗဟုကအသင်းခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း သွေး အလှူရှင်များအား ဖိတ်ကြားအပ်ပါတယ်။

    Facebook Event Link here https://www.facebook.com/events/512362545475105/?ref=22