Facebook

Saturday, August 25, 2012

မြန်မာ့အရုဏ်သစ်၏ သဘောထား




          ``လဲနေသူ ထူပေးပါ`` ဆိုသော မြန်မာ့ဆိုရိုးစကားလေးရှိသည်။
 လူသားအချင်းချင်း ယိုင်းပင်းကူညီ စေလိုသော စိတ်ဓါတ်များဖြစ်ပေါ်စေရန် တိုက်တွန်းထားသဖြင့် ကျွန်တော်လည်း သဘောကျပါသည်။ သို့သော်  လဲနေသူတိုင်းထူပေးသင့်ပါသလား ?  ဆိုသည့် အတွေးလေးလည်း ဝင်လာပါသည်။ ကျွန်တော့်အမြင်အားဖြင့် လဲနေသူသည် သူ့ခွန်အားဖြင့် ပြန်လည် ရုန်းထနိုင်ပါက ထို လဲနေသူကို ထူပေးရန်မသင့်ပါ။ မလိုအပ်ပါ။ ထိုကဲ့သို့သော သူ့ခွန် သူ့အားဖြင့် ပြန်ထနိုင်သူကို တလွဲစေတနာဖြင့် ထူပေးလိုက်ပါက--

၁။ သူ့ကိုယ်သူ အားကိုးချင်သောစိတ် ပျက်စီးသွားမည်---

၂။ အခက်ခဲကို ရုန်းကန်လှုပ်ရှားခြင်းမှ ရသော အစွမ်းအစများ မရနိုင်---

၃။ အရာရာ သူတစ်ပါးကို အားကိုးလိုသော ပျော့ညံ့ သိမ်ဖျင်းသည့်စိတ်ဓါတ်ဖြစ်လာမည်--

၎။ လဲကျ၍ နာကျင်ခြင်းနှင့် ပြန်လည်ထရာ၌ ခက်ခဲပင်ပန်းမှုကို မသိ၍ အကြိမ်ကြိမ် ပြန်လည် လဲကျတတ်သည်-

၅။ အထူးသဖြင့် မိမိသည်သာ အားကိုးရာ ဆိုသည့်အသိဥာဏ်ပျက်စီးမည်-- စသောဆိုးကျိုးများ ရသွားနိုင်သည်။

               ချိုမြိန်သော အဆိပ်ကို တိုက်ကျွေးရာရောက်မည်။ လမ်းမပေါ်တွင် လမ်းလျှောက်နေသော ဘိုးဘွားရွယ်ကို လက်တွဲ ကူညီလမ်းလျှောက်ပေးပါက မြန်မာနိုင်ငံတွင် သာဓုအကြိမ်ကြိမ်ခေါ်ခြင်း ခံရနိုင်သော်လည်း တိုင်းတစ်ပါး အထူးသဖြင့် အနောက်နိုင်ငံတွင်မူ သူတို့၏ ကိုယ့်အားကို ကိုးနိုင်စွမ်းအား သရော်လှောင်ပြောင်သည်ဟု သတ်မှတ်ပြီး စိတ်ဆိုးတာပင်ခံရနိုင်သည်။ ကျွန်တော်တို့ကတော့ထိုအစွန်းနှစ်ဖက်ကို ရှောင်သင့်သည်---

          ``ပြန်ထနိုင်သူကို မထူပါနှင့်--- ပြန်မထနိုင်သူ ကိုလည်း လျစ်လျှူမရှု့ပါနှင့် ``

          ``အားငယ်သူ အားပေးပါ ``ဆိုသော စကားလည်း ရှိသေးသည်။ မြန်မာမှုနယ်ပယ်တွင် နှုတ်၏ စောင်မခြင်း လက်၏ စောင်မခြင်းဟူ၍ နှစ်မျိုးရှိသည်။ နှုတ်မှပြောသော စကားတစ်ခွန်းကြောင့် ဘဝ တစ်ခုလုံး ပြောင်းလဲတိုးတတ်သွားနိုင်သည်။ နှုတ်မှ အားပေးစကားသည်လည်း စိတ်ဓါတ်ကျနေသူကို ပြန်လည်း တတ်ကြွ စေနိုင်သည်။ ထို့အပြင် ကိုယ်က မကူညီနိုင်သော်လည်း ကူညီပေးနိုင်သည့်သူထံ ဆက်သွယ်ပေးခြင်းကိုလည်း နှုတ်၏စောင်မခြင်းဟုခေါ်သည်။ လက်၏စောင်မခြင်းကား ငွေ၊ ဥစ္စာ၊ ပစ္စည်း၊ စားဖွယ်တို့ကို တတ်အားသ၍ ကူညီထောက်ပံ့ပေးခြင်းကိုခေါ်သည်။

          ထိုသို့ နှုတ်၏စောင်မခြင်း လက်၏စောင်မခြင်းကိုလည်း လူတိုင်းအတွက် မထိုက်တန်ပါ။ ပျင်းရိ- ညီးတွား- အချောင်ခို- အလေလိုက်- အပျော်ကျူး-လိမ်လည်လှည့်စား- ဟိုယားယား ဒီယားယား -ပေါ့ပေါ့နေ ပေါ့ပေါ့စား လူ့တန်ဘိုး လုံးဝမရှိသူများကိုကား ပေးကမ်းချီးမြှင့်ထောက်ပံ့ခြင်း မလုပ်သင့်ပါ။ အဆိပ်ပင်ကို ရေလောင်းရာရောက်ပါသည်။ ဥပေက္ခာပြုထားရမည်။ ဘဝ၏ ဆင်းရဲခြင်း အခက်ခဲများကသာ သူတို့၏ စရိုက်ကို ပြင်ပေးနိုင်မည့် အချို့သော ပုဂ္ဂိုလ်များကိုသာ ရည်ညွှန်းပါသည်။
          ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း အနေဖြင့် သဒ္ဒါ ဟူသော ပေးကမ်းစွန့်ကြဲလိုသည့် မေတ္တာတရား။ စာဂ ဆိုသည့် ကိုယ်ချင်းစာစိတ်။ ပညာ ဟူသော သင့်မသင့် လျှော်၏ မလျှော်၏ စူးစမ်းမှု။ သီလ ဟူသည့် ဖြူစင်သည့်စိတ်ထား။ သမာဓိ ဟူသော တည်ကြည်ဖြောင့်မတ် တုတ်ခိုင်သည့် စိတ်ဓါတ်တို့ဖြင့် ဆက်လက်ချီတတ်ကြပါမည်။ ထို့ကြောင့် ကျွန်တော်တို့အသင်းကြီးကို ``သဒ္ဒါ ၊ သီလ ၊ သမာဓိ၊ ပညာ `` ဟူသော ဒေါက်တိုင်ကြီးလေးခုဖြင့် မယိုင်မလဲ ဆက်လက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားပါမည့်အကြောင်းးးး     

မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း
ကိုစိုးနိုင်
Sat, Aug 25, 2012 at 10:07 PM

Monday, August 20, 2012

မြန်မာ့အရုဏ်သစ်




မြန်မာ့အရုဏ်သစ်


ကန်ဘောင်ပေါ်က စိမ်းလန်းစိုပြည်နေတဲ့ သစ်ပင်ကို
ရေလောင်းပေးလိုက်ရတာနဲ့---
ခြောက်သွေ့ပြီး ရေငတ်နေတဲ့ သစ်ပင်တစ်ပင်ကို
ရေလောင်းပေးလိုက်ရလို့  ရလာတဲ့ခံစားမှုပီတိအရသာ
(ဘယ်အရာက ပိုမယ်ထင်လဲ----)

ဟင်းခွက်ပေါင်းများစွာနဲ့
ပြည့်စုံစွာ စားနိုင်နေသူရဲ့ ထမင်းပွဲမှာ--
ကိုယ်ချက်ထားတဲ့ဟင်းတစ်ခွက် ထပ်ပြီးဖြည့်ပေးတာထက်--
ဆာလောင်မွတ်သိပ်နေတဲ့ သူတစ်ယောက်ကို
အစာအာဟာရကျွေးလိုက်လို့  ရလာတဲ့ခံစားမှုပီတိအရသာ
(ဘယ်အရာက ပိုမယ်ထင်လဲ----)

ရွှေရှိတဲ့ဘုရားမှ  တန်ခိုးကြီးလှတယ် လို့ထင်နေရင်
ဗူးသီးမှ အရီးတော်ချင်တဲ့ စိတ်ထား
ဆင်တူယိုးမှားပဲဖြစ်မယ်။

သူငယ်ချင်းရေ-----

ပကာသနတွေကိုဘေးချိတ်
မွန်မြတ်တဲ့စိတ်နဲ့
အတိတ်ကံရဲ့ ကျေးကျွန်များ
တို့လူသားအချင်းချင်းမှ မသနားရင်
သန့်ရှင်းစင်ကြယ်တဲ့ ကမ္ဘာ
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။
``မြန်မာ့အရုဏ်သစ်`` ဆိုတာ
ဖြူစင်တဲ့ နှလုံးသားတို့ သန္ဓေတည်
အားကိုးရာမဲ့တို့ မှီခိုရာ
တစ်ချိန်ချိန်တော့ ဖြစ်လာမှာပဲ။           

ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)


မြန်မာ့အရုဏ်သစ်နှင့် စကားစမြည်(၂)




မြန်မာ့အရုဏ်သစ် နှင့် စကားစမြည်(၂)

မေး။     ။``ပရဟိတ``လုပ်ငန်းမှာ ပါဝင်လို့ လက်တွေ့ဘဝမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ??

ဖြေ။       ``အကျိုးတရား``ကို မျှော်ကိုးလုပ်၇င်တော့ ဘာမှ ဟုတ်တိပတ်တိရမှာမဟုတ်ဘူး။ ကျွန်တော်တို့က ``ကိုယ့်အတွက် ဘာအကျိုးရရလိုပါ၏`` လို့ မျှော်ကိုးလုပ်တာမျိုးမဟုတ်ပါဘူး။ ထူးခြားဆန်းကြယ်တာက အဲဒီလို မျှော်လင့်ချက်နဲ့ မလုပ်လေ အကျိုးပေးသန်လေပါပဲ။ မမျှော်ကိုးဘူး မျှော်ကိုးတယ် ဆိုတာ သူများတွေကိုသာ လိမ်လို့ လှည့်ဖျားလို့ရမယ့် ။ မိမိရဲ့စိတ် အဇ္ဈတ္တကိုတော့ ဘယ်သူမှ လှည့်ဖြားလို့မရပါဘူး။ သေချာတာကတော့ ပရဟိတလုပ်၇င်း ကိုယ်နဲ့ စိတ်သဘောထားတိုက်ဆိုင်တဲ့ မိတ်ကောင်းဆွေမွန်တွေရလာမယ်။ မိတ္တဗလ ပေါ့။ အတ္တနဲ့ ပရ မျှကြည့်လာတတ်လို့ စိတ်သဘောထားတွေ နူးညံ့သိမ်မွေ့လာမယ်။ ကိုယ့်ပါတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်လာပြီး လူချစ်လူခင်များလာမယ်။ လောဘ နဲ့ ဒေါသ တွေနည်းလာလို့ ကုသိုလ်တရားတွေ ပိုပြီးလုပ်ဖြစ်လာနိုင်သလို စိတ်ချမ်းသာမှုရဲ့ရလဒ်အဖြစ် ကိုယ့်ကျမ္မာရေးကိုပါ အထောက်အကူဖြစ်စေပါတယ်။ နေရာတကာ ငါ သာချင်တယ်ဆိုတဲ့ အတ္တမာနတွေ လျှော့ပါးလာတယ်။ လူတစ်ယောက် လောကီစီးပွားရေးမှာ တိုးတတ်အောင်မြင်ဘို့ အဲဒီအချက်အားလုံးအား အခြေခံလိုအပ်ချက်တွေမို့ အဲဒီအချက်တွေပြည့်စုံလာတာနဲ့ ဆက်တိုက် အကျိုးပေးသန်လာတယ်လို့ယူဆမိပါတယ်။

မေး။     ။ ပရဟိတ လုပ်ရင်း ဘုရားတည်တာတို့  ကျောင်းဆောက်လှုဒါန်းတာတို့ စုပေါင်းရှင်ပြုပေးတာတို့ လုပ်ဖို့ရည်ရွယ်ချက်ရှိပါသလား။

ဖြေ။      ။ အဲဒီမေးခွန်းကို တုံးတိကြီးဖြေလို့မရပါဘူး။ ဥပမာ ဘုရားတည်တယ်ဆိုပါစို့။ လက်တွေ့ကြုံတာလေးနဲ့ ဥပမာပေးပါရစေ။ ပဲခူးမှာ ဘုရားတည်ဖို့အသင်းဆီက အလှုခံပါတယ်။ တိုက်ရိုက်တော့မဟုတ်ပါဘူး။ ဒီမှာ ဘုရားတည်ဖို့အတွက်ရှိတယ် တတ်နိုင်သလောက်လှုစေချင်တယ် ဆိုတဲ့သဘောပေါ့။ အဲဒီမှာ ကျွန်တော်စဉ်းစားမိတာက ပဲခူးဆိုတာ အများသိတဲ့အတိုင်း သမိုင်းဝင် စေတီပုထိုးတွေ အများကြီးရှိပြီးဖြစ်တဲ့ ဗုဒ္ဓတရားတွေဖွံ့ဖြိုးရာဒေသပါ။ ဗုဒ္ဓဘာသာဝင်မို့ ကျွန်တော့အနေနဲ့ လှုဒါန်းချင်တဲ့စိတ်ရှိသော်လည်း အဲဒီလိုနေရာမျိုးမှာ ဘုရားတည်ဖို့ဆိုရင် ခြစ်ခြစ်ကုတ်ကုတ် အလှုခံထားတဲ့ ငွေတွေကို လှုဖြစ်မှာမဟုတ်ပါဘူး။ တောင်တန်းဒေသ စေတီမရှိတဲ့နေရာမှာ အများကိုးကွယ်ဆည်းကပ်ဖို့ တကယ်လိုအပ်ရင်တော့ အသင်းအမှုဆောင်တွေက လည်းသဘောတူရင် လှုဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ``ရေများရာ မိုးရွာ``တဲ့ အဖြစ်မျိုး ရှောင်မှာပါ။ နောက်တစ်ခုက ကျောင်းဆောက်တာလဲ အလားတူပါပဲ။ စုပေါင်းရှင်ပြုတယ်ဆိုတာကလည်း မိဘမဲ့ကလေးများ ဆိုရင်တော့ တိုင်ပင်ပြီး သဘောတူရင် ဖြစ်နိုင်ပါတယ်။

မေး။     ။ ပထမ ကြားတာပေါ့လေ-- ဒီအသင်းဟာ ``မြန်မာဆိုတဲ့ခေါင်းစဉ်အောက်က လူမျိုးဘာသာမရွေး`` လို့ ကြားလိုက်ပါတယ်။ အခု ဗုဒ္ဓရဲ့ တရားရိပ်အောက်ကဆိုတော့ --အဲဒါလေးရှင်းပြပေးပါ။

ဖြေ။       မှန်ပါတယ်။ အခုလည်း ``မြန်မာဆိုတဲ့ခေါင်းစဉ်အောက်က လူမျိုးဘာသာမရွေး`` ဆိုတဲ့ ဂိုက်လိုင်းအတိုင်းပါပဲ။ လူမျိုးဘာသာမရွေးဆိုတာ  အလှုခံပုဂ္ဂိုလ် ဥပမာ ဘေးဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ဘယ်ဘာသာကိုးကွယ်သည်ဖြစ်စေ ဘာသာခွဲပြီးလှုဒါန်းတာမျိုးမလုပ်ပါဘူး။ ဒုက္ခရောက်နေသော လူသားတစ်ယောက်အဖြစ်ပဲ မြင်ပြီး ကူညီဘို့ရည်ရွယ်ချက်ပါပဲ။ နောက်တစ်ခုက မြန်မာဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆိုတာကလည်း ရခိုင်အရေးမှာ တိုင်းရင်းသားဟုတ်မဟုတ် အငြင်းပွားနေတဲ့ ရိုဟင်ဂျာ ကိုရည်ညွှန်းတာပါ။ ကျွန်တော်တို့အသင်းက အဲဒီအရေးမှာ မျိုးချစ်စိတ်အရင်းခံပြီး သန္ဓေတည်ဖွဲ့စည်း ထားလို့ပါပဲ။ ဒါကြောင့် မူလ ရည်ရွယ်ရာဘောင်အတွင်းမှာပဲ ရှိနေဆဲပါပဲ။ သို့သော်လည်း ကျွန်တော်တို့ အသင်းဟာ ရည်ရွယ်ချက်တူသူ ၊ ယုံကြည်ချက်တူသူ၊ စိတ်သဘောထားတိုက်ဆိုင်သူတွေနဲ့ ဖွဲ့စည်းထားတော့ အလိုလိုနေရင်း ဗုဒ္ဓရဲ့ အရိပ်အောက်ရောက်သွားသလိုပါပဲ။ အဲဒီအတွက် ဘာသာရေးဆိုင်ရာ အငြင်းအခုံလုပ်တာတွေတော့ မလုပ်ပါဘူး။ ကျွန်တော်တို့က ဘာသာရေးအဆုံးအမဆိုတာ လူ့ဘဝငြိမ်းချမ်းစွာရှင်သန်စေဘို့ --အပြစ်ကင်းတဲ့ တိုးတတ်အောင်မြင်မှုကို ရဘို့-- ပူလောင်တဲ့ လောဘ ဒေါသ ၊မောဟ ၊ တရားတွေ လျှော့ပါးစေဘို့ လောက်ပဲ ။ပေါ့ပေါ့ပါးပါး ရင်ထဲကိုထားပါတယ်။ ဘာသာရေး သမားတွေ ဘာသာရေးအကြောင်း ငြင်းခုံကြရင်း ဒေါသတွေ--  မာနတွေ-- အတ္တတွေ  ပွားများနေတာတွေ တွေ့ရတိုင်း အံ့သြပြီး အထူးရှောင်ကျဉ်ရမယ်လို့ မှတ်ယူထားပါတယ်။

မေး။    ။ အသင်းကို ဘယ်လောက်အထိ ရည်ရွယ်ထားပါသလဲ။

ဖြေ။     ။ကျွန်တော်တို့ရဲ့ အသင်းရည်မှန်းချက်ကိုပြောရရင် ကျွန်တော်ငယ်ငယ်က လေးတန်းကျောင်းသား ဘဝကို ပြန်သတိရတယ်။ ကျွန်တော့်ကို စကားလုံးကြီးကြီးကျယ်ကျယ်တွေ ပြောတယ်ဆိုပြီး ကျွန်တော့ဆရာမက ``ဟဲ့ကောင်--- နင့်ပါးစပ်ဟစမ်း`` လို့ပြောပါတယ်။ ကျွန်တော်က ဘုမသိဘမသိ ကျယ်နိုင်သမျှကျယ်အောင်ဟပြပါတယ်-။ ဒီတော့မှ ဆရာမက `` နင်ပြောတဲ့စကားကြီးစကားကျယ်နဲ့ နင့်ပါးစပ်ပေါက်နဲ့  တန်ရဲ့လား  တော်ရဲ့လား   လို့ကြည့်နေတာဟေ့---`` လို့အငေါ်တူးပါတယ်။ အခု အသင်းရည်ရွယ်ချက်ကို ပြောရရင် အဲသလိုများဖြစ်နေမလားမသိပေမယ့် ကျွန်တော်တို့အသင်းကတော့ အများကြီးကို ရည်မှန်းထားတာပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာပေါ့--

          အမှတ်(၁)--- မြန်မာ့အရုဏ်သစ် ပရဟိတ ပညာသင်ကျောင်း။

          အမှတ်(၁) ---မြန်မာ့အရုဏ်သစ် ပရဟိတ အခမဲ့ဆေးခန်း။

          အမှတ်(၁)--- မြန်မာ့အရုဏ်သစ် ပရဟိတ အသက်မွေးဝမ်းကျောင်းပညာသင် ကျောင်း။

          အမှတ်(၁)--- မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့။

          အမှတ်(၁) --- မြန်မာ့အရုဏ်သစ် ပရဟိတ သောက်ရေကန်။

  စသဖြင့်ပေါ့ဗျာ--  အမှတ်(၁)ကနေ  မြန်မာပြည်အနှံ့ အမှတ်များစွာ လုပ်သွားမယ်လို့ အများကြီးရည်ရွယ်ထားပါတယ်။ အခုတော့ လေထဲတိုက်အိမ်ဆောက်သလို ဖြစ်နေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အဆင့်ဆင့် လက်ဆင့်ကမ်းပြီး  စည်းစည်းရုံးရုံး လုပ်သွားရင် မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူးခင်ဗျား။ 

ကျေးဇူးတင်ပါတယ်
မြန်မာ့အရုဏ်သစ်