Facebook

Monday, December 3, 2012

``ရွှေဂုံတိုင် မိဘမဲ့ကလေး ဂေဟာ အာဟာရ မုန့်အလှု`` (၂-ဒီဇင်ဘာ -၂၀၁၂)

ဒီနေ့ ရွှေဂုံတိုင် မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာ သို့ ကျွန်တော်တို့ အဖွဲ့ရောက်ခဲ့ကြသည်။ အမှုဆောင်တွေထဲက ကိုအေးကိုကို နှင့် မောင်ဂျက်ဂါကို ပထမဆုံး အပြင်မှာ စတွေ့ဖူးခြင်းဖြစ်သည်။ ကျန်အမှုဆောင်များ အဖွဲ့ဝင်များကတော့ တွေ့ဖူးနေကြ။ ဘဝတွင် ကံအထုံပါရမီကြောင့်လို့ပြောရမလား ပဋ္ဌာန်းဆက်ပါတယ်လို့ပဲပြောရမလား အွန်လိုင်း သုံးရင်း ပရဟိတ ခေါ် အများအကျိုးကို စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်ကြရင်း မိသားစုလေးသဖွယ်ဖြစ်လာရသည်။ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး မိသားစု။
ဧည့်ခန်းထဲကို ဝင်လျှင်ဝင်ချင်း ကလေးကစားစရာများ စေတနာရှင်တို့ ကူညီလှုဒါန်းထားသော ရုပ်ဝတ္ထုပစ္စည်း များ များစွာတွေ့ရ၍
``သြော်--- သူတို့လေးတွေ မိဘ အရင်းတွေက သေသေ ရှင်ရှင် ပစ်ပယ်ထားပေမယ့် ကံ အကျိုးလေး ရှိသေးတော့ ပြည့်ပြည့်စုံစုံနဲ့ တင့်တင့်တယ်တယ် နေရလို့တော်သေးတယ် ``
ဟု စိတ်ထဲ မှာ ဖြေဆည်ကာ ပီတိဖြစ်မိသေးသည်။ သူတို့ မိဘ အရင်းထံတွင် ဤသို့ တင့်တယ်ပြည့်စုံမှု မရမှာတော့ သေချာသည်။ ဒါက ကလေးတွေကို မတွေ့ခင်က စိတ်ထဲက အပေါ်ယံ မြင်မိခြင်းသက်သက်---
ကျွန်တော်တို့ မိဘမဲ့ကလေးငယ်များ ထားရာ နေရာ ရောက်တော့ သူတို့လေးတွေ နေ့ခင်း တစ်ရေးအိပ်ရာက ထသည့်အချိန်ထင်သည်။ ပုခက်ထဲမှ ကလေးငယ်တစ်ဦးက ကျွန်တော့်ကို သူ့အားချီရန် လက်နှစ်ဖက်ကို ဆန့်တန်းပေးသည်။ ကျွန်တော် သူကလေးကို ချီပိုးထားရင်း ကလေးတွေ စိတ်တွင် ရုပ်ဝတ္ထုများ ဘယ်လောက်ပင် ပြည့်စုံစေကာမူ လိုအပ်ချက်တစ်ခု ကွက်လပ်တစ်ခု တော့ အမြဲ တန်း လစ်ဟာနေသည်။ မိဘ ဟူသော ချစ်ခြင်းမေတ္တာတရား။ ထိုမေတ္တာတရားကို မည်သူထာဝရ ဖြည့်ဆည်းနိုင်မည်နည်း။ သူတို့စိတ်ထဲတွင် သူစိမ်းဟူသည် ရှိဟန်မတူ။ အခန်းတွင်း လာသူ မှန်သမျှ သူတို့၏ မိဘ သဖွယ် စိတ်က သိနေပုံရသည်။ သူတို့ကို ချီမ၍ ခေါ်ထားလျှင် အတော်ပျော်နေကြသည်။ သူ့ချီပါ ငါ့ချီပါဖြင့် လုယက်ကာ မေတ္တာ တို့ကို တောင်းခံယူနေကြသည်။ ကိုအေးကိုကိုတစ်ယောက် ကလေး လေးငါးယောက် အမြဲဝိုင်းနေကာ ချီပိုးပြီး မေတ္တာတရားတို့ ဖြင့် နှစ်သိမ့်နေသည်။ ကလေးနှစ်ယောက်ကို ချီ၍ နံရံတွင် ရေးထားသော အေ ၊ ဘီ၊ စီ တို့ကို ရွတ်ဆိုကာ တစ်လှည့်စီ စာသင်နေကြသည်။ ရောက်တုန်းရောက်ခိုက် ချိုမြိန်သော မေတ္တာတရားတို့ဖြင့် နှစ်သိမ့်ကြသည်မှာလည်း အဖွဲ့ဝင်အားလုံးပင်။
သားပေါက်ထားသော ခွေးပိန်မ တစ်ကောင်သည် လူတွေ၏ ရိုက်ပုတ်မောင်းထုတ်သည့် တုတ်ဒဏ် ခဲဒဏ် များကို ခံစားရင်း အစာတို့ကို ရှာကာ မွေးထားသော သားငယ်လေးများကို အန် ကျွေးတတ်သည်။ ဤ ကလေးငယ်များကို မွေးထားပြီး ခွေးလောက်မျှ မေတ္တာတရားမရှိ ခေါင်းပါးသော လူ ဟူသည်ကား ရှိသေးသကိုး ဟူ၍သာ တွေးမိကာ ဇနီးဖြစ်သူကို ကြည့်လိုက်တော့ မျက်ရည်တွေဝဲနေတာကို လူမသိအောင် ကြိုးစားနေတာကို တွေ့ရသည်။ မိခင်စိတ်ကြီးသည်ကိုး။
အော်--- လောကတွင် လူ ဟူ၍သာ မွေးဖွားလာသော်လည်း လူ နှင့် လုံးဝမတူသော မိဘ ဟူသည့်စာလုံးနှင့်ပင် မထိုက်တန်သော ``ဠူ `` များရှိသလို သားသမီးဝတ္တရား မကျေ ကျေးဇူး မသိတတ်သော မိအို ဖအိုတို့ကို စွန့်ပြစ်ထားသော ငရဲလားမည့် ``ဠူ`` များလည်း ရှိကြောင်း ပရဟိတ လုပ်ငန်းများကို လုပ်မိမှ သိလာရသည်။
မည်သူတွေ မည်မျှ ယုတ်မာသည်ဖြစ်စေ ကျွန်တော်တို့သည် လူသားဆန်စွာ ထိုသို့သော မှီခိုရာမဲ့ အတိဒုက္ခ ရောက်နေသော လူသားများကို မိမိတို့ ဝင်ငွေထဲမှ ဝန်ထုတ်မဖြစ်စေသော ပမာဏများကို စုဆောင်းကာ တစ်တပ်တစ်အား ပါဝင်လှုဒါန်းခြင်းသည် အလွန်မွန်မြတ်သော ကုသိုလ်တရား ၊ နိဗ္ဗာန်မရောက်မီ သံသရာမှာ ဤသို့သော ဒုက္ခဆင်းရဲခြင်းမှ ကင်းလွတ်ငြိမ်းကာ အများ၏ မှီခိုရာဖြစ်နိုင်သော အကျိုးပေးကံ ကောင်းသူများ ဖြစ်မည်မှာ မုချ မလွဲပေ။ ဤ ကံ - ကံ၏ အကျိုးတရားသည် ရန်သူမျိုးငါးပါး၏ ရန်မှ အလုံးစုံလွတ်ကင်းသော ကိုယ်ပိုင် ဥစ္စာရတနာတွေလည်းမည်ပေသည်။ ကံ- ကံ၏ အကျိုးကို ယုံကြည်ခြင်းသည်သာလျှင် ဗုဒ္ဓဝါဒ ဖြစ်လေသတည်း။ ထိုကံကို ပီတိ ဖြင့်သာ အရောင်လက်စေအံ့။
မြန်မာ့အရုဏ်သစ် မှ မန်ဘာများ အဝေးရောက် အမှုဆောင်များ အများ၏ကိုယ်စား ယနေ့ပြုအပ်သော ကောင်းမှုကုသိုလ်၏ အကျိုးတရားကံကို အတူတူခံစားကြရပါစေရန် ကုသိုလ် အမျှပေးဝေပါသည် -- ကြည်နူးသော စိတ်ထားဖြင့် ပေးဝေသော ကုသိုလ်တရားတို့ကို ဖြူစင်သော နှလုံးသားဝယ် သိမ်းဆည်းထားနိုင်ကြပါစေ-
``အားလုံး သိသိသမျှ ကုသိုလ်အမျှ----- ကုသိုလ်အမျှ----- ကုသိုလ်အမျှ--- ပေးဝေပါတယ်ခင်ဗျား``
``သာဓု``
``သာဓု``
``သာဓု`` ပါခင်ဗျာ---
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
၂-၁၂-၁၂(တနင်္ဂနွေနေ့)

No comments:

Post a Comment