ဇူလိုင်လ ၁၉ ရက်နေ့ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဒီလိုနေ့က ရန်ကုန်မိုးနှင့်အတူ ပြည်သူတစ်ရပ်လုံး အပြိုင်ငိုကြွေးခဲ့ကြသည်မှာ မိုးရေတို့ကို မျက်ရည်တို့ဖုန်းလွှမ်းသောနေ့တစ်နေ့ဖြစ်ပေမည်။ ယခုနှစ်လည်း မိုးက ရွာသွန်းဖြိုးနေသည်။ နှစ်ပေါင်းများစွာကြာသော်လည်း ဗိုလ်ချုပ်ကို ကျွန်တော်တို့မမေ့ နောင် သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆတ် ခုနှစ်ဆက်မက နှစ်ပေါင်းခုနှစ်ရာတိုင်တောင်မေ့မည်မဟုတ်။ မည်သူတွေဖျောက်ဖျက် ဖုံးကွယ် အမှောင်ချချ ဗိုလ်ချုပ်၏ စိတ်ဓါတ် ဗိုလ်ချုပ်၏ တိုင်းပြည်ပေါ်ထားသည့် စိတ်ထား ဗိုလ်ချုပ်၏ စရိုက်တို့ကား ပြည်သူတို့၏ အသည်းနှလုံးတွင် ဆင့်ကဲ ဆင့်ကဲ လက်ကမ်း သယ်ဆောင်သွားကြပေမည်။
ထိုနေ့တွင်ဖြစ်သည်။ ရာသီစာတုတ်ကွေးကို ကျွန်တော်စမြည်းမိသည်။ ခေါင်းတွေလေးသည်။ ကိုယ်လက်တွေကိုက်သည်။ ဘာမှစားလို့ ခံတွင်းမတွေ့။ လူက နုံးချိချိ မလှုပ်ချင်မကိုင်ချင်။ မြန်မာ့အရုဏ်သစ် ပရဟိတလူမှုကူညီရေးအသင်း ၏ ပထမဆုံးခြေလှမ်း ရခိုင်ဘေးဒုက္ခသည်များအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် မိမိတို့ ကြိုးစားကြည့်ရာ မျှော်လင့်ထားသည်ထက် ပိုအောင်မြင်ခဲ့သည်။ (ကြီးကြီးမားမား မမျှော်လင့်ထားလို့လည်း ဖြစ်နိုင်သည်) အလှုငွေ သက်သက် ဆယ့်တစ်သိန်းခြောက်သောင်း နှင့် အဓိက အမျိုးသမီးဝတ် ထည်မျိုးစုံ( ကာလတန်ဘိုး အသစ်အဟောင်း ပေါင်းပါက ဆယ်သိန်းထက်မနည်း) အသစ်တန်ဘိုးပင် ခြောက်သိန်းကျော်ပါသည်။ ဘာပဲဖြစ်ဖြစ် သိန်းနှစ်ဆယ်ဝန်းကျင်တော့ လှုဖြစ်သွားသည်။
မိမိတို့အနေဖြင့် လုပ်ငန်းရှင် သူဋ္ဌေးကြီးများမဟုတ်ကြ၍ ဤအတိုင်းတာလေးကိုပင် လွန်စွာကျေနပ်ပီတိ မဆုံး။ စေတနာက ငွေတန်ဘိုးဖြင့် ပိုင်းဖြတ်ကောင်းသောအရာမဟုတ်ပေ။ တစ်ကျပ်တစ်ပြား ပင်ဖြစ်လင့်ကစား လှုဒါန်းသူ၏ စိတ်စေတနာဖြူစင် တတ်ကြွမှုက ပိုအရေးကြီးသည်။ ဝီရိယလွန် ကျွန်ဖြစ်``ဆိုသော စကားသည် ကျွန်တော့်ကို ကျွန်တော် အမြဲသတိပေးရသော စကားပုံဖြစ်၍ မကြာခဏစဉ်းစားမိသည်။ ထိုနေ့ကလည်း နေ့ ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအတွင်း ချိန်းထားမှန်း သိလျှက်နှင့် ၁၀ နာရီခွဲ နှင့် ခြောက်ထပ်ကြီးဘုရားရင်ပြင်ကိုရောက်နေသည်။ တစ်နာရီလုံးလုံး ထိုင်စောင့်ပေရော့။ နေမကောင်းလို့ တုံးလုံးလှဲချင်သော်လည်း ရင်ပြင်ထဲတွင် မသင့်တော်သလို တားမြစ်ထားသည့်စာတွေ့တော့ လုံးဝ မလှဲရဲ။
ဒီလိုနဲ့ ၁၂နာရီမခွဲခင် လူစုံ ပြင်သင့်တာပြင် အဲသလိုချိန်ကျတော့လည်း ဖျားချင်တာလေးက ခဏမေ့သွားသည်။ ကားလေးနှစ်စီး ဒိုင်နာတစ်စီးဖြင့် ကျွန်တော်တို့အဖွဲ့ ရခိုင်တိုင်းရင်းသားများတိုးတတ်ရေး ပါတီသို့ ယွန်းခဲ့ကြသည်။ မနက်ထဲက ဘယ်သူမှ စားရသေးပုံမပေါ်။ ကျွန်တော်တို့တောင် ဘုရားစောင်းတန်းထဲက ထမင်းသုတ်တစ်ပွဲစီ စားခဲ့ကြသည်။ နေမကောင်းချင်တော့ အရသာသိပ်မတွေ့။
ပါတီရောက်တော့ အစစအဆင်ပြေသည်။ ခဏပဲစောင့်လိုက်ရပြီး မကြာမီ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ရောက်လာသည်။ သူက ကျွန်တော်တို့အလှုငွေကို လက်ခံမည်။ ဤနေရာတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၏ စကားလက်ဆောင်အချို့ကို ကျွန်တော်မှတ်မိသလို ပြန်ပြောပြချင်ပါသည်။
ကျွန်တော်တို့လှုမှုပါတ်ဝန်းကျင်တွင် ယခင်ခောတ်အခါက လူတစ်ဦး၏ တန်ဘိုးကို တွက်ချက်သတ်မှတ်ပုံနှင့် ယခု လူ့ပါတ်ဝန်းကျင် အသိုင်းအဝိုင်းက လူတစ်ဦး၏ တန်ဘိုး သတ်မှတ်ပုံတို့ ပြောင်းလဲလာပုံကို ဥပမာတွေနှင့်ပြောပြသည်။
ယခင်က ပညာတတ်သောပုဂ္ဂိုလ် ချမ်းသာကြွယ်ဝသောပုဂ္ဂိုလ် ရာထူးအာဏာရှိသောပုဂ္ဂိုလ် တို့ကို လူ့တန်ဘိုးများများအဖြစ်သတ်မှတ်ခဲ့သော်လည်း ယခု လူမှုပါတ်ဝန်းကျင်တွင်မူ မည်မျှပင် ပညာတတ်တတ် မည်မျှပင်ချမ်းသာ ချမ်းသာ မည်မျှပင် သြဇာတိက္ကမကြီးကြီး အများကောင်းကျိုး လူမှုကောင်းကျိုးကို မသယ်ပိုး မထမ်းဆောင် လျစ်လျူရှု့ထားသူအား လူ့တန်ဘိုး ဟု လုံးဝမသတ်မှတ်တော့ကြောင်း လူတစ်ယောက်၏ လူ့တန်ဘိုးမှာ အများအကျိုးကို မည်သည့် ပမာဏအထိ အကျိုးပြု ထမ်းရွက်နိုင်သလဲ ဆိုသော စံညွှန်းပေတံဖြင့် တိုင်းတာလာကြကြောင်းကို ရုပ်ရှင်မင်းသားကြီး လူမှုဝန်ထမ်းစံပြပုဂ္ဂိုလ် ဦးကျော်သူ နှုင့် ကမ္ဘာကျော်သူဋ္ဌေးကြီး ဘီလီဂိတ်တို့ကို ဥပမာပေးပြီး စကားလက်ဆောင် ပြောဖြစ်ကြသည်။
ထို့အပြင် ပရဟိတလုပ်၍ အတ္တနှင့်ဆိုင်သော မိမိ ကိုယ်ကျိုးစည်းပွားများလည်း မထိခိုက်သည့်အပြင် ထူးထူးခြားခြား ပိုမိုတိုးတတ်ဖွံ့ဖြိုးလာတတ်သည့် သဘာဝလည်း အမှန်ဖြစ်ကြောင်း ။ မိမိတို့ကသာ ဖြူစင်သော စိတ်ထားဖြင့် ဇွဲရှိရှိ ဆက်လက်လုပ်ကိုင်ကြဖို့ အားပေးသည်။ ထိုအားပေးစကားကြားမှ နေမကောင်းလို့ နုံးချိချိဖြစ်နေသည့် စိတ်ကလေးလည်း အတန်ငယ် လန်းလာခဲ့သည်။ လှုဒါန်းပြီး အဖွဲ့နှင့် ဆက်လက် လက်ဆုံစကားပြေလိုသေးသော်လည်း အိမ်ပြန်ပြီး နားချင်လှပြီမို့ ဝမ်းနည်းစွာ စကားဖြတ်လမ်းခွဲလိုက်ကြသည်။
အရေးထဲ စက်ရုံက လုပ်အားပေး လိုက်လာသည့် ကျွန်တော့် လူများက အဲဒီနားမှာ အသိအိမ်သွားပြီး လည်နေသည်။ စောင့်ရတာ မစောင့်နိုင်တော့၍ ကျွန်တော်တို့နှင့်အတူ အပြန်လိုက်ပါမည့် ဖိုးသကြားကို အားကိုးပြီး ကျွန်တော်မောင်းထွက်လာခဲ့သည်။ လမ်းထိပ်ရောက်မှ ဘယ်ကိုဆက်သွားရမှန်းမသိ ။ အလာတုန်းက ကိုလူစိမ်းမောင်းသည့် ကားနောက်ကြည့်မောင်းလာတာဆိုတော့ လမ်းမှတ်မထား။ ကျွန်တော်ကလည်း မြို့ထဲ ကားမမောင်းဘူး။ အိမ်နဲ့ အလုပ် ကျောင်း ဒါလောက်ပဲမောင်းသည်။ ခုမှဒွတ်ခ။ ဖိုးသကြားကလည်း သူ့မြို့နယ်မှာသာ လူလည် လမ်းပြဆိုတော့ ဂျီပီအက် တပ်ထားတဲ့သူ့ဖုန်းကိုဖွင့်ကာ ကျွန်တော်တို့ ဒီနားရောက်နေပြီထိုးပြသည်။ သေပါတော့ မြေပုံကြည့်ပြီး ကားမောင်းရအောင်နိုင်ငံခြားသားမဟုတ်တော့ မကြည့်တော့ပါဆိုပြီး ခြေဦးတည့်ရာ(အဲ)စီရာတိုင်တည့်ရာ မောင်းပြစ်လိုက်သည်။
အဲဒီကနေ မှတ်မိရာ မှတ်မိရာ စွတ်မောင်းရင်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ရုံးရှေ့မရောက်ခင် လမ်းပိတ်ပါတော့သည်။ မိုးတွေကလည်း သဲသဲရွာသည်။ တစ်လမ်းလုံး အဖြူရောင် အင်္ကျီနှင့် လူငယ်လေးများ လမ်းတွင်အပြည့်။ မိုးရေတွေက ရွှဲရွှဲစိုနေသော်လည်း အပြုံးကိုယ်စီ။ တတ်ကြွမှုကိုယ်စီ။ သူတို့ကို ရပ်ကွက်ထဲမှာ မလိုက်မနေရ ခေါ်ပြီးရောက်လာသူများမဟုတ်တာကတော့ သူတို့မျက်နှာတွေကြည့်တာ နဲ့သိသည်။ သြော်-- လူတွေကို နေရာတကာအမိန့်နဲ့ မစည်းရုံးသင့် ကြောင်း သိလိုက်သည်။ဒီလိုနဲ့ မြေနီကုန်းကိုရောက်မှ ဖိုးသကြားနယ်ကိုရောက်တော့သည်။ ပထမ သိမ့်သိမ့် ဆင်းပြီး ဖိုးသကြားလိုက်ပို့သည်။ အဲဒီအချိန် ကျွန်တော့်လူတွေဘယ်ရောက်နေပြီလဲ ဖုန်းဆက်မေးတော့ လှိုင်သာယာ နိုဒယ်ဟောက်စ်မှာ ကောင်းနေကြပြီ လာရှင်းပေးပါတဲ့။ (ခွီး -- တော်တော်မြန်တဲ့ကောင်တွေ သင်းတို့က လမ်းကြောင်းသိတော့ ရှောင်မောင်းတာကိုး)
နေမကောင်းပေမယ့် မိန်းမရော ကလေးတွေရော မစားရသေးလို့ မြန်မြန်မောင်းလိုက်သည်။ အဲဒီမှာ သူတို့စားသမျှ ကျွန်တော်မှာ မစားနိုင် ထိုင်ကြည့် ပြီး ငွေရှင်းပေးကာ အိမ်ပြန်ခဲ့ရသည်။ အိမ်ရောက်၍ စိတ်လျှော့လိုက်သည်နှင့် ခေတ်မှီ တုတ်ကွေး မှာ စပြီး ကွေးပါလေတော့သတည်း။ -- ကိုစိုးနိုင် 19-7-2012