ငယ်ငယ်တုန်းက တင်ခဲ့တဲ့အကြွေး
ငယ်ငယ်တုန်းက တင်ခဲ့တဲ့အကြွေး
ကျွန်တော်သည် ငယ်ဘဝကို အမြဲတမ်းတလွမ်းမောတတ်သည်။ ငယ်ဘဝကို အိပ်မက်များ
မက်သောနေ့ နံနက်တိုင်း ငူငူ ငိုင်ငိုင်ဖြစ်နေတတ်သည်။ လက်ရှိဘဝထက်
ငယ်ဘဝကိုပျော်ရွှင်ခဲ့ခြင်းမှာ ငယ်ဘဝက ပြည့်စုံ လွန်းလှလို့မဟုတ်။ မိဘ၏
အရိပ်အာဝါသအောက်တွင် အပူပင်ကင်းစွာ လွတ်လပ်စွာ ပျော်မြူးခဲ့ရသည်။
မိုးတွေရွာတိုင်း မိုးရွာထဲမှာ ခုံပေါက်ကစားခဲ့တာတွေ ၊ မိုးဦးကျ ဖားအော်သံ
``အုံ``--- ``အင်`` ဟု လေးလေးတွဲ့တွဲ့ အော်မြည်သံတွေမှာ ယခုထိ
နားစည်ထဲရိုက်ခတ်ဆဲ----။ကျွန်တော်တို့ရွာတွင် သက်ကြီးလင်မယားနှစ်ဦးဖြစ်သော ဦးအိမ်၊ ဒေါ်ဖွားမှီ ဆိုသည့်အဖိုးအဖွားလင်မယားရှိသည်။
ဖားအော်သံမှာ ``အုံ---အင် `` ဟု အသံမြည်သော်လည်း ကျွန်တော်တို့ကလေးတွေက
``ဦး--- အိမ်`` ဟုအသံပြောင်းပြစ်ကာ နောက်ကလိုအပ်နေသော အဖွား
ဒေါ်ဖွားမှီကို ဖြည့်ပေးပြီး မိုးဦးကျ ဖားအော်လျှင် ``ဦး-- အိမ် --
ဒေါ်ဖွားမှီ`` ဟု နောက်ပြောင် ရွတ်ဆိုကြတာကိုလည်း အမှတ်ရဆဲပင်။
ဒီလိုနဲ့ အရွယ်လေးတွေရလာတော့ ပညာသင်ရင်း ကျွန်တော် ၆ တန်းအောင်သောနှစ်က
ဖြစ်သည်။ မြစ်သားမြို့ ရုပ်ရှင်ရုံသွားသည့် လမ်းကြားလေးထဲတွင် ကျွန်တော့်
သူငယ်ချင်းတစ်ဦးရှိသည်။
သူငယ်ချင်းဆိုသော်လည်း သူက ကျွန်တော့်ထက် တစ်တန်းငယ်သည်။ ကျွန်တော် ၆
တန်းအောင်တော့ သူက ခြောက်တန်းကို တတ်ရမည်။ သူတို့က မိသားစုကများပြီး
ဆင်းရဲသည်။ ကျောင်းဆက်တတ်ရန် စာအုပ်စာတန်းများ မဝယ်နိုင်။ ဒီတော့
ကျောင်းဆက်တတ်ချင်သော ကျွန်တော့ သူငယ်ချင်းက သူ့ဖာသာ ကျောင်းစာအုပ်များကို
နီးစပ်ရာ သူများထံ အကူအညီတောင်းသည်။
ကျွန်တော့်ဆီ
ကျွန်တော်သုံးပြီးသား ပုံနှိပ်စာအုပ်များကို တောင်းသည်။ အမှန်တော့
ကျွန်တော်တို့မိသားစုလည်း အဆင်ပြေလှသည့် မိသားစုတော့မဟုတ်ပါ။
ကျွန်တော့်အောက် ညီလည်း နောက်နှစ်တွင် ခြောက်တန်းရောက်မည်။ ကျွန်တော်က
မိဘကို သိသောအားဖြင့် ကျွန်တော့် စာအုပ်တွေကို
ကျွန်တော့်ညီအလှည့်ရောက်လျှင် မဝယ်ရစေရန် သေချာ သိမ်းပြီးစလည်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော်က ညီကိုပေးရမည်မို့ မရကြောင်းပြောရာ အားတတ်သရော
ရမည်ထင်ထားသော မျှော်လင့်ချက်များ ရုတ်တရက် ပျက်သွားသဖြင့် ချက်ချင်း
စိတ်အားငယ်သွားသည့် မျက်နှာလေးကို ယနေ့ထိ မြင်ယောင်နေမိသည်။
ကျွန်တော့ညီ ၆ တန်းရောက်တော့ ကျွန်တော်သုံးပြီးသား ပုံနှိပ်စာအုပ်များ
မသုံးချင်ဟု ဆိုသဖြင့် အသစ်ဝယ်ပေးရသည်။ အငယ်ဆုံးညီဖြစ်သည်။ ကျွန်တော့
သူငယ်ချင်းမှာမူ ထိုနှစ်က စ၍ ကျောင်းဆက်မတတ်တော့ ။ ဘဝတွင် ကျောင်းနေချင်သော
ကလေးများ ရှိသော်လည်း ဘဝပေးအခက်ခဲများကြောင့်
ကျောင်းဆက်မတတ်ရသူများစွာရှိပါသည်။
ကျွန်တော့မှာ ယနေ့အထိ နောင်တ ရ၍မဆုံး။ နောင် သူငယ်ချင်းနဲ့တွေ့တော့
အကျိုးအကြောင်းပြောပြ တောင်းပန်ရာ-- သူငယ်ချင်းက ရယ်ရယ်မောမောဖြင့် ``
ရပါတယ် သူငယ်ချင်းရယ် အဲဒီအတွက်တော့ စိတ်မကောင်းမဖြစ်ပါနဲ့ မင်း
အဲဒီနေ့က ငါ့ကို စာအုပ်ပေးရင်တောင် ငါ ကျောင်း ဆက်တတ်လို့မရပါဘူး။
ငါ့မိသားစု စားဝတ်နေရေး အတွက် ငါကျောင်းထွက်ပြီး တစ်ဖက်တစ်လမ်းက
ဝင်ငွေရအောင် ရှာပေးရတယ်လေ---`` ဟု ကျွန်တော့ကို ဖြေသိမ့်စကား ပြောသော်လည်း
စိတ်ထဲတွင် ငယ်ငယ်ကတည်းက တင်ခဲ့သော ထိုအကြွေးကို သတိရတိုင်း
ဆင်းရဲနွမ်းပါးသော ကလေးများအား စာအုပ်ခဲတံများ ဝယ်ယူ လှုဒါန်းကာ
ရသေ့စိတ်ဖြေနေရပါတော့သည်။
ဆင်းရဲနွမ်းပါးသော
ကလေးသူငယ်များအား လိုအပ်သော ကျောင်းသုံးစာအုပ်များကို လှုဒါန်းခြင်းဖြင့်
ပညာဒါန ကိုဖြည့်ဆည်းကြပါရန် ကျွန်တော့မိတ်ဆွေများကိုလေးစားစွာ တိုက်တွန်းအပ်ပါသည်။
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း)
No comments:
Post a Comment