ရန်ကုန်မှာရွာတဲ့မိုး
ရန်ကုန်မှာရွာတဲ့မိုး ---
``ရန်ကုန်မိုး`` အုန်းဒိုင်းကျဲကာ ရွာသွန်းနေသည်ကို ကျွန်တော်လက်ပိုက်
ကြည့်ပြီး သက်ပြင်းလေးလေးကြီး တစ်ချက်ကို ချမိသည်။ အော် --- ဒီမိုးတွေသာ
အညာဒေသ မိုးခေါင်နေတဲ့ဆီ ရွာလိုက်ရင်ဖြင့်-----
ဒီနှစ်မိုးဦး
အညာဒေသမှာ မိုးခေါင်သည်။ လူတွေအတွက် ကိစ္စမရှိသော်လည်း နွားစာ
ပြောင်းရိုးခြောက်၊ ကောက်ရိုးခြောက်၊ မြေပဲပင်ခြောက် စသည့်အစာခြောက်များမှာ
တစ်နွေစာပဲ လှောင်ထားသည်မို့ နွားစာတွေ ပြတ်ကုန်သည်။ ဒီတော့ တောထဲက
နွားစားမည့်အပင်တွေကြီးတွေကို ချိုင်ခုတ်ကာ ကျွေးရသည်။ သစ်ပင်တွေ
ကုန်သွားတော့ ရာသီက ပိုပူလာသည်။ တောငွေ့တောင်ငွေမရှိတော့
မိုးရွာဖို့မျှော်လင့်ချက်ပိုမဲ့ရသည်။ ဒီလိုနဲ့ ဂျာအေးသူ့အမေရိုက်သည့်အဖြစ်----
အညာသူ အညာသား ဆိုပြီး ရန်ကုန်ရော
က်စက ပတ်ဝန်းကျင်က
ချစ်စနိုးစကြပြောင်ကြသည်။ အညာသားများက စကားအလွန်တတ်သဖြင့်
ရန်ကုန်သူရန်ကုန်သားများ ကျွန်တော်နှင့် စကားနိုင်လုရတာကို သဘောကျသည်။
ကျွန်တော်ကလည်း ဘယ်တော့မှအရှုံးမပေး. မနိုင် နိုင်အောင် စကားနိုင်လုတတ်သည်။
အညာဟု ခြုံပြောသော်လည်း တကယ်တော့ အညာတွင်မှ ကျေးတောသား၊ ခရိုင်သား နှင့်
မြို့သား ဟူ၍ သုံးမျိုးကွဲသေးသည်။ ကျေးတောသား ဆိုသည်မှာ ကန်ရေသောက်
မြက်ခြောက်စားဟု နောက်ပြောင်အခေါ်ခံရသည့်အတိုင်း မိုးကို အထူးအားကိုး
စိုက်ပျိုးရသောဒေသဖြစ်သည်။ မိုးရွာလျှင် စိုက်ပျိုးသီးနှံများ
အထူးကောင်းမွန် ငွေရွှင်တတ်သော်လည်း မိုးခေါင်ရင်တော့ဖြင့် သုံးနှစ်လောက်
လူမွှေးမပြောင်ချင်တော့ ။ ရေဆိုလျှင်လည်း ကန်များဖြင့်သာ လှောင်၍
စပါးစိုက်နိုင်သည်။ ထို့ကြောင့် ကန်ရေသောက် မျက်ခြောက်စားဟု ခေါ်ကြသည်။
ခရိုင်သား ဆိုသည်မှာ အစိုးရ ဆည်မြောင်းမှ လွှတ်သော ရေကို အားကိုးပြီး
စိုက်ပျိုးရသော မြောင်းရေသောက် ဧရိယာရှိ ရွာများကို ခရိုင်သားဟု ခေါ်သည်။
သူတို့က မိုးခေါင်သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆည်က ရေလွှတ်လျှင်
စိုက်ပျိုးရသည်မို့ ငွေဝင်မှန်ပြီးစီးပွား ပိုအဆင်ပြေတတ်သည်။ ထို့ကြောင့်
ခရိုင်သားများက ကျေးတောသားများကို ခပ်နှိမ်နှိမ်။ နောက်တစ်မျိုးကတော့
အညာမြို့သားပေါ့ ။ မြို့သားဆိုတာ ရွာမဟုတ်သော
မြို့ငယ်လေးတွေတွင်နေထိုင်ခြင်းမို့ အထူးရှုင်းပြမလိုပေ။
သနားဖို့ကောင်းသည်မှာ ကျွန်တော်တို့ ကျေးတောသူ ကျေးတောသားများဖြစ်သည်။
မိုးရွာလျှင် လူကြီးရော ကလေးရော ပျော်တပြုံးပြုံး ။ မိုးခေါင်လျှင်
လူကြီးေ၇ာ ကလေးရော မိုးကိုမျှော်တတ်သည်။ ငရံ့မင်း ပရိတ်ရွတ်သည်။
လွန်ဆွဲသည်။ တောတောင်တွေ ပျက်စီးပျေက်ကွယ်၍ မိုးလေဝသ
ခေါင်ခြင်းဖြစ်ကြောင်းကို သူတို့ သိပ်မသိ။ သိသော်လည်း သိပ်စိတ်မဝင်စား။
ဒေါင်ကျကျ ပြားကျကျ နေတတ်နေကြသည်။
ကျွန်တော်သာ
တန်ခိုးရှင်ဖြစ်ပါက ရန်ကုန်မှာရွာသောမိုးတွေထဲက အချို့ကို အညာမှာ
ရွာအောင်လုပ်လိုက်မည်။ ရန်ကုန်မိုးက လှိုင်မြစ်ထဲစီးပြီး မကြာမီ
ပင်လယ်ထဲရောက်သွားမည်။ လူတွေကို အကျိုးသိပ်ပြုဖြစ်လိုက်တာမဟုတ်။
အလားတူပင် ရေများရာမိုးရွာတတ်သည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အချို့ သည်
တကယ်လိုအပ်နေသော နေရာများတွင် မလှုပဲ နာမည်ကြီးသော (သို့မဟုတ်) မိမိ
ဂုဏ်သတင်းကြီးမည်ထင်သော နေရာတို့တွင်သာ လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ
တန်းစီလှုတတ်ကြသည်။ ရန်ကုန်တွင်ရွာသောမိုးများပင်။ အဆိုတော် ကိုထီးကတော့
``ရန်ကုန်မှာသာတဲ့လ``ဟု ရေးစပ်သီဆိုခဲ့သည်။ သာပေမယ့်လည်း အလကားတဲ့။
သို့သော် အညာမှာလည်း ``လ``သာသည့်အတွက် ကျွန်တော်မပြောလိုသော်လည်း
ရန်ကုန်မှာ ရွာတဲ့မိုးကိုတော့ အညာကို ရွာစေချင်လိုက်သည့်ဖြစ်ခြင်း။
ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းသည်
ရန်ကုန်မှာရွာတဲ့မိုး မဖြစ်ချင်ပါ။ လူ့အလွှာများထဲမှ
အမှန်ပင်အကူအညီလိုအပ်နေသော။ မိမိတို့၏ အုတ်တစ်ချက်
သဲတစ်ပွင့်ပင်ဖြစ်လင့်ကစား အရာထင် ပီတိဖြစ်စေမည့် အလှုများကိုသာ
ရွေးချယ်လှုဒါန်းရန် အမှုဆောင်များ ကို တိုက်တွန်းသွားမည်ဟု စိတ်ထဲမှ ကြိတ်၍
စဉ်းစားမိပါတော့သည်။
ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်ပရဟိတ လူမှုကူညီရေးအသင်း)
No comments:
Post a Comment