Facebook

Saturday, August 23, 2014



“ဘဝ”

မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့် ဝင်ငွေနည်းတဲ့အကြောင်း ဒါပေမယ့် သူပျော်ရွှင်တဲ့အကြောင်း ကျွန်တော့်ကို ပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့ ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။ ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကို ကျွန်တော်စဉ်းစားလို့ မရခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့ နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။

သားလက်ကို ဘာကြောင့် အမဖြေတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခု ကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး… တောင်းရမ်းစားသောက် နိုင်အောင်လို့ လို့ မိတ်ဆွေက ဖြေပါတယ်။ မိခင်တစ်ဦးက သားကို တမင်တကာ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရတာဟာ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နိုင်အောင် ဖြစ်တယ်။

အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး စားလက်စ ပေါင်မုန့်ကို လွတ်ချမိတဲ့အထိ သူအံ့သြတုန်လှုပ် သွားခဲ့မိတယ်။ တဆက်တည်းမှာပဲ လွတ်ကျသွားတဲ့ ပေါင်မုန့်ကို ဝိုင်းလုဖို့ ကလေးတစ်သိုက် သူ့အနား ချက်ချင်းရောက်လာခဲ့တယ်။ သဲတွေပေနေတဲ့ ပေါင်မုန့်ကို ဝိုင်းလုကြတာဟာ ငတ်မွတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုဆိုတာ သူနားလည်လိုက်တယ်။

ဒီမြင်ကွင်းက သူ့ကိုချောက်ချားစေခဲ့ပြန်တယ်။ လမ်းညွှန်ကို အနီးအနား ပေါင်မုန့်ဆိုင်တစ်ဆိုင် မောင်းပို့ခိုင်းပြီး ဆိုင်ထဲရှိသမျှ ပေါင်မုန့်အားလုံးကို သူဝယ်ယူလိုက်တယ်။ ပေါင်မုန့်အားလုံးရဲ့ တန်ဖိုးက ၁ဝဝကျပ်တောင်(ထိုင်ဝမ်ငွေ) မပြည့်ခဲ့ပေမယ့် ပေါင်မုန့်အထုပ် ၄ဝဝ ရခဲ့တယ်။ (တစ်ထုတ်ကို ၂၅ဆင့် မကျခဲ့ဘူး) နောက်ပြီး ငွေတစ်ရာနဲ့ နေ့စဉ် အသုံးအဆောင်တစ်ချို့ ဝယ်လိုက်တယ်။

ပေါင်မုန့်၊ အသုံးအဆောင် အပြည့်တင်ထားတဲ့ ကားနဲ့ လမ်းပေါ်မှာတွေ့တဲ့ မသန်မစွမ်း ကလေးငယ်တွေကို သူဝေမျှပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ သူ့ကို အလေးပြန်ပြုခဲ့တယ်။ ၂၅ဆင့်တောင် တန်ဖိုးမရှိတဲ့ ပေါင်မုန့်တစ်ချပ်အတွက် လူတစ်ချို့က ဘာဖြစ်လို့ ဒီလောက်ပျော်ရွှင်ရတယ် ဆိုတဲ့ ခံစားချက်ကို သူပထမဆုံး ခံစားလိုက်မိတယ်။

“ငါဟာ ကံကောင်းတဲ့လူ၊ ငါ့ခန္ဓာကိုယ်က မချွတ်မယွင်း ပြည့်စုံနေတယ်။ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ စားစရာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဂျီးများဖို့ အခွင့်အရေးရှိတယ်။ ဝတ်ဖို့ အဝတ်အစားရှိတယ်။ ဒီကလူတွေ မရှိတာတွေကို ပိုင်ဆိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိခဲ့တယ်” လို့ သူရေရွတ်ခဲ့မိတယ်။

မိတ်ဆွေရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး ကျွန်တော်ခံစားကြည့်တယ်။ တွေးကြည့်တယ်။ “ငါ့ဘဝ တကယ်ပဲဆိုးသလား? ဆိုးရင်လဲ ဆိုးခဲ့နိုင်တယ်။ ဒါပေမယ့် ဒီပုံပြင်ကိုနားထောင်ပြီး ငါ့ဘဝ ဒီလောက်မဆိုးတော့ဘူး။ ခင်ဗျားရော?

ဒါမှမဟုတ် ငါ့ဘဝ ကံဆိုးလိုက်တာလို့ နောင်တစ်ချိန်ချိန်မှာ ခင်ဗျားထင်ခဲ့တဲ့တစ်နေ့ လမ်းပေါ်မှာ တောင်းရမ်းစားဖို့ လက်တစ်ဖက် ဆုံးရှုံးရတဲ့ ကလေးငယ်ကို တွေးမြင်ကြည့်လိုက်ပါ။

“ကျေနပ်တယ်၊ ပြည့်စုံတယ်” ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။


မူရင်း…. ထိုင်ဝမ် စာရေးဆရာ Hong Wen Yong (候)၏ “ဘဝ” အား ဘာသာပြန်ခံစားသည်။

နိုင်းနိုင်းစနေ

source: http://nineninesanay.blogspot.com/2008/08/blog-post_05.html

No comments:

Post a Comment